သရက်ချောင်း၊ ဇွန် ၁၁
တနင်္သာရီတိုင်း သရက်ချောင်းမြို့ ပန်းတောရပ်ကွက်မှာ ဒီကနေ့ ဇွန် ၁၀ ရက်နေ့ မနက်ပိုင်းက စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၅၀ ကျော်အရွယ်ရှိ ပြည်သူ့စစ်အဖွဲ့ဝင် ဦးဝင်းဇော်ဆိုသူဖြစ်ပြီး ပန်းတောရပ်ကွက်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်အနီးက လက်ဖက်ရည်ဆိုင်မှာ ရှိနေချိန် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးဝင်းဇော်ဟာ ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိပြီး သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားတာ ဖြစ်ပါတယ်။
ပြည်သူ့စစ်အဖွဲ့ဝင် ဦးဝင်းဇော် ပစ်သတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်က ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သေဆုံးသွားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးဝင်းဇော်ဟာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) သတင်းပေး တစ်ဦး ဖြစ်သလို စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးရာမှာ အဓိက ပါဝင်သူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်

