ဒါကာ၊ ဇွန် ၉
အီဘိုလာ ရောဂါကြောင့် အတည်ပြုပြီး သေဆုံးသူ အရေအတွက် ၁၀၁ ဦးအထိ ရှိလာပြီး ဖြစ်ကြောင်း ကွန်ဂို ဒီမိုကရက် ပြည်ထောင်စုက ဇွန် ၈ ရက်မှာ ပြောလိုက်ပါတယ်။
ရောဂါ ပျံ့နှံ့မှု အများဆုံး ဖြစ်ပွားရာ ဒေသမှာ ရောဂါ တုံ့ပြန်ရေး ဆောင်ရွက်မှုတွေကို လက်နက်ကိုင်အဖွဲ့တွေက ဆက်လက် တားဆီးနေတယ်လို့ ကွန်ဂို အရာရှိတွေက ပြောပါတယ်။
အီဘိုလာ ဗိုင်းရပ်စ်ရဲ့ Bundibugyo ဗိုင်းရပ်စ် မျိုးစိပ် ပျံ့နှံ့နေကြောင်း မေ ၁၅ ရက်က စတင်ကြေညာခဲ့ပေမယ့် အဲဒီနောက်ပိုင်း သီတင်းပတ် အတော်ကြာတဲ့အထိ စစ်ဆေးမှုတွေ မရှိဘဲ ဖြစ်နေခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဒါကြောင့်ပဲ ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရေး ကျန်းမာရေး အာဏာပိုင်တွေ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာ ကြာပြီ ဖြစ်တဲ့ ပြည်နယ်သုံးခု ဖြစ်တဲ့ အီတူရီ၊ မြောက်ကီဗူးနဲ့ တောင်ကီဗူးတို့မှာ ရောဂါပျံ့နှံ့မှု ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဇွန် ၈ ရက်က နောက်ဆုံး အခြေအနေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ကွန်ဂို အစိုးရက ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၁၀ ဦး အပါအဝင် ရောဂါထပ်မံ ကူးစက်ခံရသူ ၃၅ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ရောဂါ ဖြစ်ပွားကြောင်း အတည်ပြုပြီးသူ ၅၅၀ အထိ ရှိလာပြီး စုစုပေါင်း သေဆုံးသူ အရေအတွက် ၁၀၁ ဦးအထိ ရှိလာပါတယ်။
အီတူရီ ပြည်နယ် ကျန်းမာရေး ဇုန် ၁၇ ခုမှာ ရောဂါ ကူးစက်သူတွေ တွေ့ရတဲ့အပြင် မြောက်ကီဗူးရဲ့ ကျန်းမာရေးဇုန် ၇ ခုနဲ့ တောင်ကီဗူးရဲ့ ကျန်းမာရေး ဇုန် ၁ ခုတို့မှာလည်း ရောဂါ ထပ်မံ ကူးစက်ခံရသူတွေ တွေ့ရှိထားပါတယ်။
မယုံကြည်မှုနဲ့ ခုခံမှုတို့ကြောင့် ရောဂါဆိုင်ရာ တုံ့ပြန်မှုတွေအတွက် အဟန့်အတား ဖြစ်စေပြီး အလောင်းတွေကို မြေမြှုပ်ပေးတဲ့ အဖွဲ့တွေနဲ့ ကုသရေး စင်တာတွေမှာ အခက်အခဲ အတားအဆီးတွေ ရှိနေပါတယ်။
အဲဒီလို တိုက်ခိုက်မှုမျိုး တစ်ခု ဇွန် ၇ ရက်က ဖြစ်ပွားခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ခုက ပြောကြား ပါတယ်။
ဘူနီယာမြို့ရှိ ညာမူရွန်ဂို သုသာန်မှာ အလောင်း မြှုပ်နှံရေးအဖွဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုကြောင့် နှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ကားနှစ်စီး ပျက်စီးခဲ့ပါတယ်။
အီတူရီ ပြည်နယ်ရှိ ဒီဂျူဂူ၊ အီရူမာနဲ့ မမ်ဘာဆာမြို့တို့မှာ လက်နက်ကိုင် အဖွဲ့တွေ ရှိနေတာကြောင့် အန္တရာယ် ကျရောက်နေတာ ဒါမှမဟုတ် ရောဂါ ပျံ့နှံ့မှု ဖြစ်နေတဲ့ ကျန်းမာရေး ဇုန်တွေဆီ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးဖို့ ဝင်ရောက်ခွင့် အကန့်အသတ် အတားအဆီးတွေ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ အစိုးရရဲ့ အစီရင်ခံ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အီတူရီ ပြည်နယ်ရဲ့ မြို့တော် ဘူနီယာမှာတော့ အခြေအနေ တော်တော်လေး အေးအေးဆေးဆေး ရှိတယ်လို့ သိရပါတယ်။
ဇွန် ၈ ရက် စောစောပိုင်းက အာဖရိကရဲ့ ထိပ်တန်း ကျန်းမာရေး အေဂျင်စီက ကွန်ဂိုမှာ အီဘိုလာ အတည်ပြုပြီး လူနာ ၅၄၄ ဦးအထိ မြင့်တက်လာပြီလို့ ပြောပါတယ်။
အာဖရိက ရောဂါ ထိန်းချုပ်ကာကွယ်ရေး စင်တာကတော့ ကွန်ဂိုမှာ အီဘိုလာကြောင့် သေဆုံးကြောင်း အတည်ပြုပြီးသူ ၈၈ ဦး ရှိတယ်လို့ ပြောပါတယ်။
ကွန်ဂိုမှာ အီဘိုလာ ပျံ့နှံ့မှုကြောင့် အိမ်နီးချင်း ယူဂန္ဓာအထိ ရောဂါ ပျံ့နှံ့ခဲ့ပြီး နယ်စပ်ကို ယူဂန္ဓာက ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။
ယူဂန္ဓာမှာတော့ အိမ်နီးချင်း ကွန်ဂို နိုင်ငံလောက် အခြေအနေ မဆိုးဘူးလို့ သိရပါတယ်။
Ref:Reuters

