မက်ဒရစ်၊ ဇွန် ၉

ပဋိပက္ခတွေ အရှိန်မြင့်တက်လာတာ၊ နှစ်ခြမ်းကွဲမှုတွေ ပိုမိုနက်ရှိုင်းလာတာ၊ လူ့အခွင့်အရေးကို မလေးစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေတာကြောင့် ကမ္ဘာကြီးကို ကြီးမားတဲ့ ပြဿနာထဲ တွန်းပို့နေတယ်လို့ ပုပ်ရဟန်းမင်းကြီး လီယိုက စပိန် လွှတ်တော်မှာ ဇွန် ၈ ရက်က မိန့်ကြားလိုက်ပါတယ်။

ဒါဟာ သူ့ရဲ့ အကျယ်ပြန့်ဆုံး နိုင်ငံရေးဆိုင်ရာ မိန့်ခွန်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်ပိုင်းရဲ့ လားရာကို ဆန့်ကျင်ပြီး မကြာသေးခင်က ပိုပြီး လေသံပြင်းပြင်းနဲ့ ပြောဆိုလာသူ ပုပ်ရဟန်းမင်းကြီးက ဥရောပရဲ့ စစ်ရေး အသုံးစရိတ် တိုးမြှင့်မှုကို ဆန့်ကျင်ကြောင်း အခိုင်အမာ ထပ်မံ ပြောဆိုပါတယ်။

စစ်ရေး အသုံးစရိတ်တွေ တိုးမြှင့် သုံးစွဲမယ့်အစား နိုင်ငံရေးသမားတွေအနေနဲ့ ကမ္ဘာတဝှမ်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အဆုံးသတ်ရေး ကြိုးပမ်းပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီ ပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလာတာပါ။

ကမ္ဘာကြီးဟာ ကြီးမားတဲ့ ယုံကြည်သက်ဝင်မှုဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ ပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

အဲဒီ ပြဿနာဟာ အကြမ်းဖက် တိုက်ခိုက်မှု ပုံစံ အမျိုးမျိုး၊ သဘောထား ကွဲလွဲမှု ပုံစံတွေနဲ့ အပြန်အလှန် မယုံကြည်မှု ပုံတွေအများကြီးမှာ တွေ့မြင်နေရတယ်လို့ သူက ဆိုပါတယ်။

အစ္စရေးနဲ့ အီရန်တို့ အချင်းချင်း တိုက်ခိုက်မှုတွေ ပြန်စပြီး မကြာခင်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ အခုလို ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေဟာ နှစ်လကြာပြီ ဖြစ်တဲ့ အပစ်ရပ် သဘောတူညီမှုအတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေးခဲ့ပေမယ့် လောလောဆယ်တော့ အချင်းချင်း မတိုက်တော့ဘူးလို့ အဲဒီ နှစ်နိုင်ငံက ပြောဆိုထားပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်ရင်တော့ တိုက်ခိုက်မှုတွေ ပြန်စမယ်လို့ အီရန်က ပြောထားပါတယ်။

လက်နက်တွေနဲ့ ခေတ္တခဏ အသံတိတ်သွားအောင် လုပ်လို့ရနိုင်ပေမယ့် စစ်မှန်ပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လက်နက်တွေနဲ့ ဘယ်တော့မှ တည်ဆောက်ယူဖို့ ရမှာ မဟုတ်ဘူးလို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

စပိန်မှာ ပြောကြားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ မိန့်ခွန်းဟာ နိုင်ငံလွှတ်တော် တစ်ခုမှာ ပုပ်ရဟန်းမင်းကြီး တစ်ပါးရဲ့ ရှားရှားပါးပါး ပြောဆိုမှု ဖြစ်ပြီး စပိန် လွှတ်တော်သို့ ပုပ်ရဟန်းမင်းကြီး တစ်ပါးရဲ့ ပထမဆုံး မိန့်ခွန်း ဖြစ်ပါတယ်။

ဒါက စပိန်သို့ သီတင်း တစ်ပတ်ကြာလာရောက်တဲ့ ခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးဟာ စပိန်မှာ ရွှေ့ပြောင်းနေထိုင်သူတွေ၊ အိမ်ခြေယာမဲ့တွေနဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေက သူတို့ရဲ့ မဲဆန္ဒရှင်တွေကို ခွဲခြားဖို့ လုပ်ဆောင်နေမှုကို သူက ရပ်တန့်ဖို့ တိုက်တွန်းမှာ ဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အကူအညီ ကင်းမဲ့နေတာက နိုင်ငံတကာ အင်္ဂါစဉ်ရဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ အခြေခံ အုတ်မြစ်ကို စိန်ခေါ်နေတာ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

နိုင်ငံတွေအနေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်နေမှုလောက်ကို စီမံခန့်ခွဲရုံနဲ့ မလုံလောက်ဘဲ စစ်ပွဲ၊ ဆင်းရဲမွဲတေမှု၊ ရာသီဥတု ပြောင်းလဲမှု စတဲ့ ရွှေ့ပြောင်းနေထိုင်ဖို့ တွန်းအား ဖြစ်လာစေတဲ့ မူလ ဇစ်မြစ်တွေကို ဖြေရှင်းဖို့ ကြိုးပမ်းရမှာ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.