ဆိုးလ်၊ ဇွန် ၈
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး အဆင့်တိုးမြှင့်မှုဟာ တရုတ်ရဲ့ မဆုတ်မနစ်တဲ့ မူဝါဒ ဖြစ်ပြီး ကြီးစိုးလွှမ်းမိုးမှုနဲ့ စစ်ဝါဒ ပြန်လည် အသက်သွင်းရေး ကြိုးပမ်းမှုတွေကို နှစ်နိုင်ငံအတူ တကွ တိုက်ဖျက်သွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းစာ Rodong Sinmun က ဇွန် ၈ ရက်မှာ ဖော်ပြထားပါတယ်။
ဆက်ဆံရေး တိုးတက်လာစေရေးနဲ့ မျှတတဲ့ ကမ္ဘာ့အင်္ဂါစဉ်ကို စောင့်ရှောက်ရေး အားကောင်းတဲ့ အရှိန်အဟုန် ဖြစ်ပေါ်လာစေဖို့ မိမိတို့ အိမ်နီးချင်း နှစ်နိုင်ငံအနေနဲ့ နယ်ပယ်အားလုံးမှာ အပြန်အလှန် ဆက်ဆံမှု အားပိုကောင်းလာအောင် ဆောင်ရွက်သွားမယ်လို့ သမ္မတ ရှီက ရှင်းလင်းချက် တစ်ခုမှာ ပြောပါတယ်။
ကြီးစိုးလွှမ်းမိုးမှု၊ အာဏာရှင်ဆန်မှုမှုနဲ့ ဒေသဆိုင်ရာ လုံခြုံရေးနဲ့ တည်ငြိမ်မှုတို့ကို အန္တရာယ် ကျရောက်စေမယ့် စစ်ဝါဒ ပြန်လည် အသက်သွင်းရေး ကြိုးပမ်းမှုတွေနဲ့ လျှို့ဝှက် ပူးပေါင်း ကြံစည်မှု အားလုံး မိမိတို့ ဆန့်ကျင်ရမှာ ဖြစ်ကြောင်း ရှီက ဆိုပါတယ်။
သူက မြောက်ကိုရီးယားနဲ့အတူ မျှတပြီး စီစဉ်တကျရှိတဲ့ နိုင်ငံစုံ စနစ်နဲ့ လူသားတို့ရဲ့ တူညီတဲ့ ကံကြမ္မာ အသိုင်းအဝိုင်း တစ်ခု တည်ဆောက်ရေး ကမ္ဘာကြီးအတွက် အကျိုးဖြစ်ထွန်းစေမယ့် အားလုံးပါဝင်တဲ့ ကမ္ဘာ့စီးပွားရေး တိုးတက်လာစေဖို့ ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
ရှီဟာ ၇ နှစ်အတွင်း သူ့ရဲ့ ပထမဆုံး နှစ်ရက်ကြာ ခရီးစဉ်အတွက် မြောက်ကိုရီးယားသို့ ဇွန် ၈ ရက်မှာ ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။
ဘေဂျင်းက ပြိုးယမ်းကို သူတို့ရဲ့ သြဇာလွှမ်းမိုးမှုအောက် ပြန်ရောက်လာအောင် ကြိုးပမ်းနေချိန်မှာ ရှီက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဘေဂျင်းမှာ ကြီးမားဆဲ့ စစ်ရေးပြပွဲပြုလုပ်ချိန် ရှီက ကင်ဂျုံအန်နဲ့ တခြား ခေါင်းဆောင်တွေကို လက်ခံ တွေ့ဆုံခဲ့ပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့အတူ ရပ်နေခဲ့ ပါတယ်။
အဲဒီနောက်ပိုင်း ပြုံးယမ်းက တရုတ်နယ်စပ်ကို ဖြတ်သန်းမှုတွေ ပြန်စခဲ့ပြီး ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါ အတွင်းက ရပ်တန့်ထားခဲ့တဲ့ အပြန်အလှန် ဆက်ဆံမှုတွေ တိုးမြှင့် လုပ်ဆောင်ခဲ့ ပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲ လေးနှစ်ကျော်ကြာလာချိန်မှာ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားနဲ့ တခြား အာဏာရှင်ဆန်တဲ့ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများလာပါတယ်။ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်နေချိန်မှာ ရှီရဲ့ မြောက်ကိုရီးယား ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက အမေရိကန်အနေနဲ့ ထိပ်တိုက်တွေ့မယ့် လမ်းကြောင်းကို စွန့်လွှတ်လိုက်မယ်ဆိုရင် အတူယှဉ်တွဲ နေထိုင်လို့ ရနိုင်တယ်လို့ ပြောဆိုထားပါတယ်။
ဂျပန်က စစ်လက်နက်တွေ ထုတ်လုပ်ပြီး ပြည်ပ တင်ပို့ဖို့ စီစဉ်နေမှုအပေါ် တရုတ်က ဂျပန်ဟာ စစ်ဝါဒကို ပြန်လည် အသက်သွင်းနေတယ်လို့ စွပ်စွဲထားပါတယ်။
ဂျပန်အနေနဲ့ အဆင့်မြင့် လက်နက်တွေကို ဒေသတွင်း နိုင်ငံတွေဆီ ထောက်ပံ့မယ်ဆိုရင် ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း တရုတ်က သတိပေးထား ပါတယ်။
နျူကလီးယား လက်နက်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံက အဲဒီလို လက်နက်မျိုး တစ်ခုမှ မရှိတဲ့ နိုင်ငံတစ်နိုင်ငံကို စစ်ဝါဒ ပြန်အသက်သွင်းနေတယ်လို့ ပြောဆိုဖို့ မသင့်ဘူးလို့ ဂျပန်က တုံ့ပြန်ထားပါတယ်။
အမေရိကန်က ဗင်နီဇွဲလား သမ္မတ နီကိုလာ့စ် မာဒူရိုအား ဝင်ရောက် ဖမ်းဆီးမှုနဲ့ အီရန်ကို တိုက်ခိုက်မှု စတာတွေကို ကြီးစိုးချယ်လှယ်မှု အဖြစ် ရှီက ရှုမြင်ထားပုံရပါတယ်။
Ref:Reuters

