နေပြည်တော် ၊ ဇွန် ၄
စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်အရပ်ရပ်ဟာ စစ်တပ်ကို မလွန်ဆန်နိုင်တဲ့အတွက် ပြည်သူ့အကျိုးစီးပွားကို လက်တွေ့ကျကျ အကာအကွယ်မပေးနိုင်ဘူးလို့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လွှတ်တော်ရဲ့ အဓိကတာဝန်ဟာ ဥပဒေပြုရေးနဲ့ အစိုးရကို ထိန်းကျောင်းရတာဖြစ်လို့ ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူလူထုရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို အစိုးရနဲ့ ဌာနဆိုင်ရာတွေက အကောင်အထည်ဖော်လာအောင် တင်ပြတောင်းဆိုပေးရတာဖြစ်ပါတယ်။
အာဏာသိမ်းကာလကနေ လက်ရှိ စစ်အစိုးရနဲ့ လွှတ်တော်တွေ ပေါ်ပေါက်လာတဲ့အထိ ပြည်သူတွေဟာ ထုတ်ပြန်ထားတဲ့ ဥပဒေတွေရဲ့ အကာအကွယ်ကို မရရှိဘဲ လုံခြုံရေးအရ ခြိမ်းခြောက်ခံနေရသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒစ်ဂျစ်တယ်ဖိနှိပ်မှုဒဏ်ကိုပါ ခံစားနေကြရတာပါ။
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးခင်ရီက လွှတ်တော်အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတွေ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ဖြစ်ထွန်းစေရေးကို အရှိန်မြှင့်လုပ်ဆောင်မယ်လို့ ပြောပါတယ်။
ဥပဒေရဲ့ အကာအကွယ်အောက်မှာ ပြည်သူတွေ လုံခြုံအေးချမ်း ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ပြည်သူက အားကိုးတဲ့ ဥပဒေပြုမဏ္ဍိုင်ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဇွန် ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် တတိယကြိမ် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ သူက တိုက်တွန်းခဲ့ပါတယ်။
လေ့လာသူတွေကတော့ လွှတ်တော်ဟာ စစ်တပ်က ကြီးစိုးထားသလို စစ်တပ်ကိုလည်း မလွှမ်းမိုးနိုင်တဲ့ အနေအထားဖြစ်လို့ ပြည်သူလူထုအတွက် အကျိုးထူးမှာ မဟုတ်ဘဲ ရုပ်သေးလွှတ်တော်သာဖြစ်တယ်လို့ ဝေဖန်ထောက်ပြကြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံ ပြည်သူတစ်ဦးက လွှတ်တော်အနေနဲ့ ဟန်ရေးပြပြီး အော်နေတာမျိုး မဖြစ်စေချင်ဘဲ ပြောတဲ့အတိုင်း လုပ်စေချင်ပေမယ့် စစ်တပ်ကို မကျော်လွှားနိုင်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။
“ပြည်သူအကျိုးပြုတယ်လို့ သူတို့ဟာ သူတို့ လွှတ်တော်ထဲမှာ ဟန်ရေးပြပြီး အော်နေတာ ကျွန်တော်တို့က အဲဒီလိုမျိုး မဖြစ်စေချင်ဘူး။ ပြောရင် ပြောတဲ့အတိုင်းလုပ် ဒါပေမယ့် သူတို့ ဒီစစ်တပ်ကို မကျော်လွှားနိုင်ဘူး။ သူတို့ဘာပဲလုပ်လုပ် စစ်တပ်က ဂရုကို မစိုက်တာ။ ဘုန်းကြီးကျောင်းတွေကို ဗုံးကြဲ အရပ်ရွာထဲမှာ အပြစ်မရှိ လက်နက်မကိုင်ဘဲနဲ့ လက်လုပ်လက်စားတွေ လယ်သမားတွေ ခြံသမားတွေ ဆင်းရဲသားတွေ ဒါတွေကိုပဲ ဗုံးကြဲပြီး သတ်ဖြတ်နေတယ်ဆိုတော့ မြန်မာပြည်မှာ လူဦးရေ လျှော့ပေါ့နေတာလားပေါ့။ ပြည်သူ့အကျိုးပြုလုပ်တာလား အဲဒီဟာ လူတွေ လျှော့ပေါ့ပြီး လုပ်မှာလား”လို့ ဆိုပါတယ်။
၂၀၂၁ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အရင်းခံပြီး အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အရပ်သားအသွင်ပြောင်း စစ်အစိုးရနဲ့ လွှတ်တော်သုံးရပ်စလုံးရဲ့ ထိပ်ပိုင်းရာထူးနေရာတွေမှာ ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်တွေ ဦးဆောင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကလည်း ရွေးကောက်ပွဲဝင်ပြိုင်စရာမလိုဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမည်စာရင်းပေးပို့မှုနဲ့ လွှတ်တော်မှာ အခန့်သား နေရာယူထားကြတာပါ။
လက်ရှိမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အပါအဝင် တိုင်းဒေသကြီးလွှတ်တော် တတိယကြိမ် ဒုတိယပုံမှန်အစည်းအဝေးတွေ ဇွန်ပထမပတ်အတွင်း စတင်ကျင်းပနေပြီး မေးခွန်းမေးမြန်းတာနဲ့ အဆိုတင်သွင်းတာတွေလည်း ရှိနေတာပါ။
ဒါပေမယ့် လူထုတစ်ရပ်လုံးကို အကျပ်ရိုက်စေခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ဒစ်ဂျစ်တယ်ယန္တရားကနေ ပြည်သူတွေကို ဖိနှိပ်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်အစိုးရရဲ့ လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်ဖျက်သိမ်းမယ့် အရိပ်အယောင်လည်း မတွေ့ရသေးပါဘူး။
တစ်ဘက်မှာ လူတစ်ဦးကို ခြေရာခံစောင့်ကြည့်နိုင်တဲ့ အီလက်ထရောနစ် ပတ်စပို့စ်ကျင့်သုံးမယ့် မြန်မာနိုင်ငံကူးလက်မှတ်ဥပဒေနဲ့ သက်သေမပါဘဲ ဖမ်းဆီးနိုင်တဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပါ ပုဒ်မတချို့ကိုလည်း ပြင်ဆင်ပြဋ္ဌာန်းထားတာပါ။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ စစ်အစိုးရအနေနဲ့ သူတို့ကို ဆန့်ကျင်သူတွေအပေါ် ဖိနှိပ်မှုတွေ တိုးလုပ်နိုင်အောင် အုပ်ချုပ်ရေးယန္တရားကို အကျိုးပြုနိုင်တဲ့ ဥပဒေတွေကိုသာ ပြင်ဆင်ပြဋ္ဌာန်းတာလို့ ထောက်ပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေတွေ အများအပြား ပြင်ဆင်ပြဋ္ဌာန်းတာတွေ လုပ်ဆောင်ခဲ့ပေမယ့် လူထုကို အမှန်တကယ် အကာအကွယ်ပေးတဲ့ ဥပဒေတွေ မရှိသေးသလို လုံခြုံရေးအရလည်း ခြိမ်းခြောက်ခံနေရတယ်လို့ ပြည်သူတွေက ဆိုပါတယ်။
“အခုလက်ရှိ သူတို့မှာ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ လုပ်မပေးနိုင်ဘူး။ ပြည်သူတွေ ခြံထဲသွားရင် ဖုန်းတွေ သိမ်းမယ် ဘာတွေ သိမ်းမယ် ဘာညာလုပ်တယ်ဆိုတော့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေ ကာကွယ်တာ မဟုတ်ဘူး။ ဒါခြိမ်းခြောက်နေတဲ့ သဘောမျိုးပဲ ဖြစ်နေတယ်။ အခုအစိုးရကလည်း ရှင်းရှင်းပြောရရင် စစ်အစိုးရပဲဆိုတော့ စစ်သားတွေကျတော့ သူတို့ စစ်ကြောင်းသွားရင် ပြည်သူကို ငဲ့ညာဖို့ဆိုတာက နည်းတယ်လေ”လို့ ရေးမြို့နယ်နေ ပြည်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်အရ ပြည်သူတွေကို ချုပ်နှောင်ဖို့ လက်နက်သဖွယ် အသုံးချခဲ့တဲ့ နိုင်ငံရေးပုဒ်မတွေကို စစ်အစိုးရက ပြန်လည်ပယ်ဖျက်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
အထူးဖြင့် လွှတ်တော်မခေါ်ခင် အသစ်ပြဋ္ဌာန်းခဲ့တဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေတွေက ပြည်သူ့လုံခြုံရေးကို ကန့်သတ်ထားတဲ့ သာဓကဖြစ်တယ်လို့ အသိပေးထားတာပါ။
ဦးခင်ရီကတော့ တည်ဆဲဥပဒေတွေကို လက်ရှိအခြေအနေ မူဝါဒတွေနဲ့ ကိုက်ညီမှုရှိမရှိ နိုင်ငံတိုးတက်ရေးနဲ့ ပြည်သူတွေ အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေတွေ ဖြစ်မဖြစ် လေ့လာဆန်းစစ်ပြီး လိုအပ်ရင် ပြင်ဆင်ဖြည့်စွက်တာ ရုတ်သိမ်းတာနဲ့ အသစ်ပြဋ္ဌာန်းတာတွေကို မိမိတို့လွှတ်တော်သက်တမ်းမှာ လုပ်ဆောင်သွားရမယ်လို့ ပြောကြားထားတာပါ။
ပြည်သူတွေကလည်း လွှတ်တော်ဘက်က လုပ်ဆောင်ချက်တွေကို အယုံအကြည်မရှိပေမယ့် စောင့်ကြည့်ရမှာဖြစ်ပြီး အောက်ခြေမှာ အကျင့်ပျက်ခြစားနေတာတွေကို အရင်ဆုံး ဖော်ထုတ်ရှင်းလင်းနိုင်မှသာ လူထုကို အကျိုးပြုရာရောက်မယ်လို့ မှတ်ပြုချက်ထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

