လောင်းလုံး၊ မေ ၁၅

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းက ရဲတပ်သား တစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီကနေ့ မေ ၁၅ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မောင်းမကန်ရဲစခန်းက ရဲတပ်သား နိုင်မင်းဟာ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်က မောင်းမကန်ကျေးရွာမှာ သေနတ်ပစ်ဖောက် သောင်းကျန်းနေတာကြောင်း သတင်းအရ ဓဝယ်အမျိုးသားလွတ်မြောက်တပ်တော် DNLA က လိုက်လံဖမ်းဆီးခဲ့တာပါ။

လိုက်လံဖမ်းဆီးရာမှာ ရဲတပ်သား နိုင်မင်းကို မောင်းမကန်ကမ်းခြေရှိ တနင်္သာရီဟိုတယ်မှာ G3 သေနတ် တစ်လက်၊ ကျည်ဘောက် သုံးခု၊ ကျည်အတောင့် ၅၀ ၊ စကားပြောစက် တစ်လုံးနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ရဲတပ်သား နိုင်မင်းကို စစ်သုံ့ပန်းဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်တပ်တော် DNLA ရဲ့ ဒူရက စစ်ကြောင်းက အသိပေးထုတ်ပြန်ထားပါတယ်။

ဒူရက စစ်ကြောင်းအနေနဲ့ လက်ရှိကာလမှာ တိုက်ပွဲတွေ အရှိန် ပိုမိုမြှင့်တင်ဖို့ ဆောင်ရွက်နေတာကြောင့် စစ်ကော်မရှင်တပ်၊ ရဲတပ်ဖွဲ့အပြင် ပြည်သူ့စစ်မှုထမ်းတပ်သားတွေအနေနဲ့လည်း ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.