မော်လမြိုင် ၊ မေ ၁၄
လက်ရှိကာလမှာ မွန်နိုင်ငံရေးအခင်းအကျင်းဟာ တော်လှန်ရေးအခြေပြု တရားဝင်မှုနဲ့ ရွေးကောက်ပွဲအခြေပြု တရားဝင်မှုအကြား အားပြိုင်မှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေလို့ ရာမညအင်စတီကျူ နိုင်ငံရေးသုတေသန RICE အဖွဲ့က မေ ၁၁ ရက်နေ့မှာ သုံးသပ်ချက် ထုတ်ပြန်ပါတယ်။
တော်လှန်ရေးအင်အားစုတွေက ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး ဖက်ဒရယ်ပုံစံသစ်တစ်ရပ် တည်ဆောက်လိုနေချိန်မှာ မွန်ညီညွတ်ရေးပါတီ MUP က လက်ရှိ နိုင်ငံရေးယန္တရားအတွင်း နေရာယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒီအပေါ် တော်လှန်ရေးအခြေပြု ဖက်ဒရယ်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲအခြေပြု ပါတီနိုင်ငံရေးဆိုတဲ့ လမ်းကြောင်းနှစ်ခုအကြား နိုင်ငံရေးယှဉ်ပြိုင်မှုတစ်ရပ် ပိုမိုပေါ်လွင်လာတဲ့ အခြေအနေသို့ ရောက်ရှိလာခဲ့တယ်လို့ RICE အဖွဲ့က ဆိုပါတယ်။
နိုင်ငံရေးအပြောင်းအလဲတွေအတွင်း မွန်တော်လှန်ရေးအင်အားစုတွေက မွန်တော်လှန်ရေးချာတာ ရေးဆွဲနိုင်ဖို့ ကြိုးပမ်းလာတာဟာ မွန်နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ ဖြစ်စဉ်တစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့တာပါ။
တစ်ဘက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး အာဏာသိမ်း စစ်အုပ်စုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီက လွှတ်တော်နိုင်ငံရေးလမ်းကြောင်းအတွင်း ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။
မွန်ဒေသခံတချို့ကတော့ မတူညီတဲ့ ရပ်တည်ချက်တွေနဲ့ အုပ်စုနှစ်ခုရဲ့ အားပြိုင်မှုတွေဟာ အားနည်းချက်ကိုယ်စီရှိနေကြသလို အခြေပြုထားတဲ့ လမ်းကြောင်းပေါ်မှာလည်း ရာနှုန်းပြည့် မမှန်ကန်နေဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့ဆန္ဒဟာ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး တရားဥပဒေစိုးမိုးရေး လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ နေထိုင်သွားလာလှုပ်ရှားခွင့်နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဖြစ်ဖို့ပဲ လိုအပ်တယ်လို့ ထုတ်ပြောထားကြတာပါ။
မွန်ပြည်သူတစ်ဦးက လက်ရှိကာလမှာ ဒီမိုကရေစီဟာ အပြောပဲရှိနေဦးမှာဖြစ်ပြီး ရဲရဲဝံ့ဝံ့ ပြောရဲတဲ့ လွှတ်တော်ကိုယ်စားလှယ် မရှိသေးသလို တော်လှန်ရေးအဖွဲ့ကလည်း ဆုပ်ကိုင်ထားတဲ့ မူဝါဒအပေါ် အလျှော့အတင်းမရှိနေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီကာလမှာ ရွေးကောက်ပွဲ ဒီဘက် နိုင်ငံရေးနည်းလမ်းနဲ့ ချဉ်းကပ်တဲ့ အဖွဲ့မှာလည်း ဒီမိုကရေစီဆိုတာ လက်ရှိအချိန်က အပြောပဲရှိဦးမယ်။ လက်တွေ့ကတော့ သူတို့ကိုယ်တိုင်ကအစ ဘာမှ မပြောရဲမဆိုရဲ ပြည်သူနဲ့ ပတ်သက်တဲ့ ကိစ္စမှာဆိုရင်လည်း ရဲရဲဝံ့ဝံ့ပြောရဲတဲ့ လွှတ်တော်ကိုယ်စားလှယ် မရှိသေးဘူး၊ ပြောလို့လည်း ရမှာ မဟုတ်သေးဘူး။ ဒီအခင်းအကျင်းကာလမှာဆိုတော့ တစ်ဘက်က တော်လှန်ရေးအဖွဲ့ကလည်း သူတို့မှာ ရှိတဲ့ မူဝါဒအတိုင်း ဆုပ်ကိုင်ပြီးတော့ အလျှော့အတင်းမရှိဘူး။မူဝါဒအပေါ် အခြေခံပြီးတော့ လုပ်တယ်”လို့ ဆိုပါတယ်။
တော်လှန်ရေးအခြေပြု ဖက်ဒရယ်နိုင်ငံရေးကို ဦးတည်တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ဟာ ပြီးခဲ့တဲ့ မတ်ဒုတိယပတ်အတွင်း မွန်တော်လှန်ရေးဖိုရမ်ကို ဦးဆောင်ကျင်းပခဲ့ပါတယ်။
အဲဒီကနေ မွန်တော်လှန်ရေးချာတာ ရေးဆွဲနိုင်ရေးကို ကြိုးပမ်းလာတာဟာ လက်ရှိ စစ်အုပ်ချုပ်ရေးစနစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ဆန့်ကျင်တဲ့ နိုင်ငံရေးသဘောထားကို ပိုမိုရှင်းလင်းစွာ ဖော်ပြလာတာလို့ RICE က ထောက်ပြပါတယ်။
ချာတာဟာ မွန်လူမျိုးအတွက်သာ ရည်ရွယ်တာ မဟုတ်ဘဲ မွန်ပြည်နယ်တစ်ခုလုံးကို အခြေခံတဲ့ ဖက်ဒရယ်နိုင်ငံရေးပုံစံတစ်ခုအဖြစ် တည်ဆောက်လိုတဲ့ သဘောထားတွေ ပါဝင်နေပြီး မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC လည်း ပါဝင်လာတာပါ။
ဒါကြောင့် လူမျိုးအခြေပြုနိုင်ငံရေးထက် ပြည်နယ်အခြေပြု ဖက်ဒရယ်နိုင်ငံရေးဘက်သို့ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ အလားအလာတစ်ရပ်အဖြစ်လည်း ရှုမြင်နိုင်တယ်လို့ သုံးသပ်ထားတာ တွေ့ရပါတယ်။
တစ်ဘက်မှာ မွန်ညီညွတ်ရေးပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ရွေးကောက်ပွဲနိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်ထားပြီး ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်ရုံးတွေကတစ်ဆင့် ဖြေရှင်းပေးမယ်လို့ ထုတ်ပြောထားတာပါ။
ဒီအခြေအနေဟာ မွန်ညီညွတ်ရေးပါတီအနေနဲ့ လက်ရှိနိုင်ငံရေးယန္တရားအတွင်း ပါဝင်ပြီး ဒေသခံအကျိုးစီးပွားကို ကာကွယ်မယ်ဆိုတဲ့ လမ်းကြောင်းကို ဆက်လက်ကိုင်စွဲထားကြောင်း ဖော်ပြနေတယ်လို့ RICE က ဆိုပါတယ်။
ဒါပေမယ့် စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ခြင်းကြောင့် တော်လှန်ရေးထောက်ခံသူ လူငယ်အချို့နဲ့ မွန်နိုင်ငံရေးအင်အားစုတချို့ရဲ့ ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
နောက်ထပ် မွန်ပြည်သူတစ်ဦးကလည်း စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး အကျပ်အတည်းတွေ ဖြစ်နေတဲ့အတွက် မွန်ညီညွတ်ရေးပါတီအနေနဲ့ ကိုယ့်ပြည်နယ်အတွင်း ပြန်လည်ပြင်ဆင် ညှိနှိုင်းပေးစေချင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“MUP ပိုင်းပြောမယ်ဆိုရင် သူတို့က လွှတ်တော်အနိုင်ရထားတာလေ။ တို့ပြည်သူပိုင်းကျတော့ စစ်မှုထမ်းကိစ္စ တော်တော် (အကျပ်အတည်း) ဖြစ်နေတယ်။ MUP က သူတို့ (လွှတ်တော်မှာ) နေရာတော်တော်များများ အနိုင်ရထားပြီဆိုတော့ (မွန်တော်လှန်ရေးအဖွဲတွေ) အပြင်အဖွဲနဲ့ နှိင်းယှဉ်ကြည့်ရင် စစ်မှုထမ်းကိစ္စကို အများကြီး (တာဝန်ရှိ) ပါတယ်လေ။ ဘာဖြစ်လိုလဲဆိုတော့ ပြည်သူတွေ တချို့ကျတော့ စစ်မှုထမ်းမလုပ်ချင်လို ဟိုဘက် တော်လှန်ရေးဘက်ခြမ်းမှာ ဝင်သွားတာလည်း ရှိသလို တချို့ကတော့ ပိုက်ဆံပေးရတယ်၊ မတတ်နိုင်တဲ့သူလည်း ရှိတယ်။ အဲဒါကို ပြန်ညှိနှိင်းပြီးတော့ ဖြစ်နိုင်ရင် MUP ဘက်ခြမ်းမှာ ကိုယ့်ရဲ့ ဒေသ ကိုယ့်ရဲ့ ပြည်နယ်မှာ စစ်မှုထမ်းဥပဒေကို ပြန်လည် ပြုပြင်ပေးစေချင်တာပေါ့လေ၊ အဲဒီလိုမျိုး ဖြစ်စေချင်တာ”လို ဆိုပါတယ်။
RICE ကတော့ လက်ရှိနိုင်ငံရေးအခြေအနေအောက်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ ဖက်ဒရယ်တောင်းဆိုမှု၊ စစ်အုပ်ချုပ်ရေးယန္တရားရဲ့ ဆက်လက်လွှမ်းမိုးမှုနဲ့ လူထုရဲ့ နိုင်ငံရေးမျှော်လင့်ချက်တွေအကြား မွန်ညီညွတ်ရေးပါတီအနေနဲ့ ခက်ခဲတဲ့ နိုင်ငံရေးဟန်ချက်တစ်ရပ်ကို ဆက်လက်ထိန်းညှိရဦးမယ်လို့ ထောက်ပြပါတယ်။
အထူးသဖြင့် မွန်နိုင်ငံရေးအင်အားစုတွေအကြား နိုင်ငံရေးရည်မှန်းချက်နဲ့ ဖက်ဒရယ်ဆိုင်ရာ ဘုံသဘောတူညီချက်တွေ မတည်ဆောက်နိုင်ရင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးလမ်းကြောင်းနှစ်ခုကြား ပြိုင်ဆိုင်မှုဟာ ပိုမိုပြင်းထန်လာနိုင်ပြီး မွန်နိုင်ငံရေးရဲ့ စုစည်းနိုင်စွမ်းအပေါ်လည်း သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT

