နေပြည်တော် ၊ မေ ၁၃

အရပ်သားအသွင်ပြောင်း စစ်အစိုးရက သူတို့ကိုယ်သူတို့ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံအစိုးရလို့ ကြွေးကြော်နေပေမယ့် သတင်းမီဒီယာတွေကိုတော့ အာဏာသိမ်းကာလတုန်းကလိုပဲ ဖိနှိပ်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ စစ်ဗိုလ်အရာရှိတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ စစ်အစိုးရက နိုင်ငံ့တာဝန်စတင်ထမ်းဆောင်ခဲ့တဲ့ ဧပြီလအတွင်းမှာတင် သတင်းဌာန ၆ ခုကို ပိတ်သိမ်းခဲ့တာပါ။

လုပ်ငန်းပိတ်သိမ်းခံရတဲ့ သတင်းအေဂျင်စီတွေအနေနဲ့ မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြုပြီး ဖြစ်စေ၊ နည်းပညာ တစ်ရပ်ရပ်ကို အသုံးပြုပြီးဖြစ်စေ ရေးသားထုတ်လွှင့် ဖော်ပြခြင်းမပြုဖို့ စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တစ်ဘက်မှာ အာဏာသိမ်းချိန်က‌နေ လက်ရှိအချိန်အထိ မတရား ဖမ်းဆီးခံရသူ သတင်းမီဒီယာသမား ၂၀၀ ကျော်ရှိခဲ့တဲ့ထဲက ၁၈ ဦးဟာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ စွပ်စွဲချက်အမျိုးမျိုးနဲ့ ဆက်လက် အကျဉ်းချခံနေရဆဲ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ စစ်အစိုးရက အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းတဲ့နေရာမှာ ပြည်သူတွေရဲ့ စိတ်ဆန္ဒအရ မဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့တဲ့ ကိုယ်စားလှယ်တွေကနေ တင်မြှောက်ထားတဲ့ ရွေးကောက်ခံအစိုးရလို့ ဂုဏ်ပုဒ်တပ်နေတာပါ။

ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ ဒီမိုကရေစီနိုင်ငံတချို့ရဲ့ စီးပွားရေးအရ ပိတ်ဆို့မှုတွေ ဖိအားပေးလုပ်ဆောင်နေတဲ့အပေါ် ဒီမိုကရေစီနည်းလမ်းတကျ မဲပေးခဲ့သူတွေရဲ့ ဆန္ဒတွေကို တန်ဖိုးထားဖို့ လျစ်လျူရှုရာ မရောက်ဖို့ တုန့်ပြန်နေတာပါ။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ်က စစ်အုပ်စုအနေနဲ့ အရပ်သားအစိုးရအသွင်ပေါက်တဲ့ ဒီမိုကရေစီဆန်တဲ့ လုပ်ဆောင်ချက်တွေ တစ်ခုမှ မရှိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုထက်ထိတော့ ဘောင်းဘီချွတ် အစိုးရပေ့ါဗျာ။ ယူနီဖောင်းချွတ်ပြီး ပုဆိုးဝတ်ထားတာ အရပ်သားအစိုးရအသွင်ပေါက်တဲ့ လုပ်ဆောင်မှု ဒီမိုကရေစီဆန်တဲ့ အထူးသဖြင့် မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး လုပ်ဆောင်တာ တစ်ခုမှ မရှိသေးဘဲနဲ့ အရင်အတိုင်းပါပဲ။ မီဒီယာကို အရင်လိုပဲ ဖိနှိပ်တယ်။ စည်းမကျော်နဲ့ စည်းကျော်ရင် ဒီလိုမျိုး ဒုက္ခရောက်မယ့် ကြီးလေးတဲ့ အပြစ်ဒဏ်ခံရမယ်ဆိုတဲ့ဟာတွေ ကျင့်သုံးနေတာပါပဲ”လို့ ဆိုပါတယ်။

မေ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာရဲ့ ဖော်ပြချက်အရ စစ်အစိုးရလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ သတင်းအေဂျင်စီ လုပ်ငန်း ၃ ခုကို ပိတ်သိမ်းခဲ့ပါတယ်။

အဲဒီထဲမှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ရယူထားတဲ့ ဦးရဲသွင်ဟိန်းရဲ့ မြေလတ်အသံ၊ ဦးဝင်းဇော်နိုင်ရဲ့ Red News Agency နဲ့ ဦးဇင်မင်းထက်ရဲ့ Asia Citizens တို့ကို ထုတ်ပေးထားတဲ့ သတင်းအေဂျင်စီလုပ်ငန်းတွေကို ဧပြီ ၂၃ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်တာပါ။

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကို ရေးသား ထုတ်လွှင့် ဖော်ပြခဲ့တာလို့ စွပ်စွဲထားတာပါ။

အလားတူ အဲဒီပုဒ်မနဲ့ပဲ Chin World ၊ မျက်မှောက်ခတ်နဲ့ KHONUMTHUNE MEDIA တို့ကိုလည်း ဧပြီ ၉ ရက်နေ့ကစပြီး လုပ်ငန်းလိုင်စင် ပိတ်သိမ်းခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်‌နေ့မှာ နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေကနေ အသိပေး‌ကြေညာခဲ့ပါသေးတယ်။

ဦးတိုးဇော်လတ်က နိုင်ငံတော်လုံခြုံရေးနဲ့ သတင်းမီဒီယာလုပ်ငန်းဟာ ဘာမှ မဆိုင်တဲ့အတွက် မြန်မာပြည်မှာ လွတ်လပ်တဲ့ မီဒီယာအလုပ်ကို တားဆီးနေတဲ့ အဲဒီဥပဒေတွေကို ပယ်ဖျက်ရမယ်လို့ ပြောပါတယ်။

“အဲဒါတွေက ဘာမှ မဆိုင်တဲ့ဟာတွေဗျ။ အဲဒါတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက အရမ်းကို General ဆန်ပြီးတော့ ဘယ်သူ့ရဲ့ အေးချမ်းသာယာရေးလည်း အဲဒီလိုပဲ နိုင်ငံတော်လုံခြုံရေးနဲ့ မီဒီယာလုပ်ငန်းနဲ့ ဘာမှ မဆိုင်ပါဘူး။ အဲဒီလို မတရားတဲ့ စွပ်စွဲချက်တွေ မတရားတဲ့ နည်းနဲ့ မီဒီယာတွေအပေါ် ဖိနှိပ်မှုလုပ်နေတာတွေကို ကျွန်တော်တို့ ဘယ်လိုမှ လက်ခံဖို့ မရဘူးလို့ ပြောပါရစေ။ အဲဒီတော့ အထူးသဖြင့် မြန်မာပြည်မှာ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ အလုပ်ကို လုပ်ခွင့်မရနိုင်အောင် တားဆီးနေတဲ့ ဒီဥပဒေအတားအဆီးတွေကို အရင်ဆုံး ကျွန်တော်တို့ ပယ်ဖျက်ရမယ်လို့ ပြောပါရစေခင်ဗျ”လို့ ဆိုပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ ထဲက မြန်မာနိုင်ငံဟာ အခုနှစ်မှာ အဆင့် ၁၆၆ မှာ ရပ်တည်နေပြီး အလွန်ဆိုးဝါးတဲ့ အခြေအနေအဖြစ် အနီရောင်အဆင့် ဆက်လက်သတ်မှတ်ထားတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေမှာ နှစ်စဉ် ဆိုးဝါးလာနေပြီး သတင်းထောက်တွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားတာ သတင်းမီဒီယာလိုင်စင်ပိတ်သိမ်းတာတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဒါဟာ အာဏာသိမ်း စစ်အုပ်စုက အရပ်သားအသွင်ယူပြီး အစိုးရသစ်အဖြစ် ဟန်ပြလုပ်ဆောင်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနေတယ်လို့ အယောင်ပြနေပေမယ့် လက်တွေ့မှာ သတင်းမီဒီယာတွေအပေါ် ဘယ်လိုအလျှော့အတင်းမှ မရှိဘဲ ပိုမိုပြင်းထန်စွာ ဖိနှိပ်နေတဲ့ သက်သေလို့ IPCM က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.