နေပြည်တော် ၊ မေ ၁၂
မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံအများစုက ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လိုပေမယ့် အဖွဲ့ဝင်နိုင်ငံတချို့က တန်းတူကိုယ်စားပြုမှု ချန်လှပ်ထားခြင်းတွေကို ဆက်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်အစိုးရက ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ အရပ်သားအသွင်ပြောင်း စစ်အစိုးရက အာဆီယံအတွင်း ပြန်လည်ဝင်ဆံ့နိုင်ဖို့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေ ရှိနေတဲ့အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်လာတာပါ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ဆန်းပိုင်းအတွင်း ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကနေ ပြည်သူတွေက ရွေးချယ်ခဲ့တဲ့ လွှတ်တော်နဲ့ လွှတ်တော်က ရွေးချယ်တင်မြှောက်တဲ့ သမ္မတဦးဆောင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်ခဲ့ပြီးလို့ ဆိုပါတယ်။
အပြုသဘောဆောင်တဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံအများစုက နားလည်သဘောပေါက်ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က သူတို့အစိုးရအပေါ် ကန့်သတ်မှုတွေ ခွဲခြားဆက်ဆံမှုတွေ လုပ်နေတယ်လို့ အသိပေးလာတာပါ။
အာဆီယံပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ် (၂) ပါ အခြေခံမူတွေကို ဖောက်ဖျက်ပြီး အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ဝေဖန်ပြောဆိုတာ ဖိအားပေးတာတွေ လုပ်ဆောင်နေတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမယ့် ဘယ်နိုင်ငံတွေလဲဆိုတာ ဖော်ပြထားတာ မတွေ့ရဘဲ လတ်တလော ကျင်းပပြီးစီးခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စစ်အစိုးရက သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ခွင့် ပိတ်ပင်ခံထားရတာပါ။
အဲဒီအစည်းအဝေးကနေ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကသာ မြန်မာ့အရေးအတွက် အဓိကဖြေရှင်းရမယ့် မူဘောင်နဲ့ ကိုးကားချက်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်တွေက ထပ်မံအတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က မြန်မာနိုင်ငံအနေနဲ့ အာဆီယံမှာ ပြန်လည်ဝင်ဆံ့နိုင်ဖို့ မတရားအာဏာသိမ်းထားတဲ့ ကိစ္စတွေန ဲ့ မဖြစ်နိုင်ဘဲ အများသဘောတူတဲ့ နိုင်ငံရေးနည်းလမ်းနဲ့သာ ချဉ်းကပ်သင့်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တကယ်တမ်း အာဆီယံလုပ်သင့်တာက a little person တွေ မဟုတ်တဲ့ အစိုးရ ဒါမှမဟုတ် a little person က သမ္မတဖြစ်နေတာ မဟုတ်တဲ့ အစိုးရ ပြီးတော့ ကိုယ့်ပြည်သူကို ပြည်တွင်းမှာ ပြန်ပြီး ပြည်တွင်းစစ်ခင်းနေတဲ့ ဗုံးကြဲသတ်ဖြတ်နေတဲ့ အစိုးရမျိုး ဒီစံနှုန်းတွေ ဒါတွေကို မြန်မာပြည်အနေနဲ့ အာဆီယံမှာ အဖွဲ့ဝင်ဖြစ်ဖို့အတွက် ပြန်လည်ဆက်ဆံရေးလုပ်ဖို့အတွက်က ဒီလို မတရားအာဏာသိမ်းထားတဲ့ ကိစ္စတွေနဲ့တော့ မဖြစ်နိုင်ဘူး။ အားလုံး မြန်မာပြည်သူတွေ အများသဘောတူတဲ့ နိုင်ငံရေးအဖြေရှာမှု နည်းလမ်းနဲ့မှသာ ဖြစ်နိုင်မှာဖြစ်တယ်ဆိုတာမျိုးနဲ့ ချဉ်းကပ်ဆောင်ရွက်စေချင်တယ်။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်က ဘာဆိုတာလည်း အာဆီယံခေါင်းဆောင်တွေအားလုံး သိပြီးသားဖြစ်မှာပါ။ ကျွန်တော်ကတော့ ဒီလိုအမြင်မျိုးနဲ့ ချဉ်းကပ်ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်ဗျ”လို့ ဆိုပါတယ်။
စစ်အစိုးရကတော့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တူညီဆန္ဒ မရရှိသေးသည့်တိုင် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားတာပါ။
ဒါ့အပြင် ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး ထည့်သွင်းပြောဆိုတာ မတွေ့ရဘဲ မြန်မာနိုင်ငံအနေနဲ့ ပကတိအခြေအနေအပေါ် မူတည်ပြီး မြန်မာဦးဆောင်တဲ့ အခင်းအကျင်းကို အကောင်အထည်ဖော်မယ့် သဘောမှာ ရှိနေပါတယ်။
မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးနဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးနဲ့ အကျိုးစီးပွားတွေ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း အာဆီယံနိုင်ငံတချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်ဝတ္တရားတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီ အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေကို အစိုးရအသစ်လက်ထက်မှာ ဆက်လက်လုပ်ဆောင်ဖို့ ကြိုးပမ်းနေမှုတွေဟာ ဒီမိုကရေစီနည်းလမ်းတကျ မဲပေးခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို လျစ်လျူရှုရာ ရောက်တယ်လို့ စစ်အစိုးရက ညွှန်းဆိုပါတယ်။
အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲပေးခဲ့ကြသူတွေဟာ ဖိအားပေးခံရတာ မဲမပေးရင် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမှာစိုးတာကြောင့်လို့ Data for Myanmar ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Asean

