မော်လမြိုင် ၊ မေ ၁၂

မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့ကို Smart City ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ အာဏာသိမ်း စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းက ကြွေးကြော်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေ တွေ့ဆုံမိတ်ဆက်ပွဲမှာ ကြွေးကြော်ခဲ့တာပါ။

ဗိုလ်မှူးချုပ် အောင်ဝင်းသန်းက အစိုးရသစ် သက်တမ်းမှာ လုပ်ဆောင်စရာတွေ များစွာ ရှိနေသလို မွန်ပြည်နယ်အတွင်း တည်ငြိမ်းအေးချမ်းအောင် ဆောင်ရွက်ပြီး မော်လမြိုင်မြို့ကို Smart City ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြို့ခံ တစ်ဦးကတော့ မော်လမြိုင်မြို့ကို Smart City ဖြစ်အောင် လုပ်ဆောင်မယ်လို့ ပြောပေမယ့် စည်ပင်ကားတောင် ပုံမှန် မလာတာကြောင့် ဟာသပျက်လုံးတစ်ခုလိုပဲလို့ ဝေဖန်ပါတယ်။

“သူ Smart City လုပ်မယ် ပြောတာတော့ ပြောတာပေါ့။ စည်ပင်ကားကလည်း ပုံမှန် မလာဘူး။ အတ္ထရံ ရေပေးရေစနစ်က ရေပုံမှန် မလာဘူး။ မီးက မမှန်။ဘယ်လို Smart City လုပ်မလဲ။ အများကြီး ပြုပြင် ပြောင်းလဲမှု လုပ်ရမှာလေ။ Smart City လုပ်မယ်ဆိုတော့လည်း သူတို့ပြောတဲ့ စကားတွေက ဟာသပျက်လုံး တစ်ခုလို ဖြစ်နေတော့ ဘယ်သူမှ မယုံရဲ ကြတော့ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့ကို Smart City ဖြစ်အောင် လုပ်မယ်လို့ ပြောပေမယ့် လက်တွေ့မှာ လမ်းပျက်စီးနေတာတောင် ပြင်ဆင်မှု မရှိတာ၊ လျှပ်စစ်မီး အချိန်ပိုင်းသာ ရတဲ့အတွက် မြို့အမှောင်ဖုံး နေတာအပြင် ရေကြီးရေလျှံ ဖြစ်နိုင်တဲ့ မြောင်းတွေတောင် ရှင်းလင်း ပေးတာ မရှိဘဲ Smart City ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

မော်လမြိုင်မြို့မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် Safe City စီမံကိန်းဆိုကာ ပြည်သူ့ ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ထောင်နဲ့ချီ အသုံးပြုပြီး မြို့အနှံ့ နေရာလွတ် မကျန်အောင် CCTV အပြည့်တပ်ဆင်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

အခုလို Safe City စီမံကိန်းဆိုကာ မြို့အနှံ့ CCTV တွေ တပ်ဆင်ထားပေမယ့် မကြာခဏဆိုသလို ဆိုင်ကယ် ခိုးမှုတွေ၊ ခိုးဆိုးလုယက်မှုတွေ အပြင် တခြား ဒုစရိုက်မှုတွေ ဖြစ်ပွားနေပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI/CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.