ဘေဂျင်း၊ မေ ၇
အီရန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဟောမု့ဇ် ရေလက်ကြားကို တတ်နိုင်သမျှ အမြန်ဆုံး ဖွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အီရန် စစ်ပွဲ စတင်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီရဲ့ ပထမဆုံး တရုတ် ခရီးစဉ်အတွင်း ဝန်ကြီး ဝမ်ယိနဲ့ ဘေဂျင်းမြို့မှာ မေ ၆ ရက်က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်စဲမှု ရရှိရေးဟာ အရေးကြီးတဲ့ ဦးစားပေး ကိစ္စ ဖြစ်ကြောင်းနဲ့ ညှိနှိုင်းမှုတွေ အချိန်ကြာကြာ ပြုလုပ်ဖို့ အရေးကြီးကြောင်း ဝမ်ယိက အာရက်ချီကို ပြောပါတယ်။
တရုတ်အနေနဲ့လည်း တင်းမာမှု အရှိန် လျှော့ကျစေရေး ကူညီပေးဖို့ အသင့်ရှိတယ်လို့ဆိုပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံမှု မတိုင်ခင် သီတင်းပတ်ပိုင်းအလိုမှာ အီရန် နိုင်ငံခြားရေးဝန်ကြီး ဘေဂျင်းသို့ လာရောက်လာတာ ဖြစ်ပါတယ်။
ရန်လိုမှုတွေ ပြန်လည်စတင်တာကို လိုလားကြမှာ မဟုတ်ဘဲ အားလုံး ပြည့်စုံတဲ့ အပစ်အခတ် ရပ်စဲမှုဟာ အရေးတကြီး ဦးစားပေးရမယ့် ကိစ္စ ဖြစ်တယ်လို့ တရုတ်က ယုံကြည်ကြောင်း ဝမ်ယိရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။
ရေလက်ကြား ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပုံမှန် ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးနဲ့ ပတ်သက်လို့ အားလုံး စိုးရိမ်နေကြကြောင်း ဝမ်ယိက ပြောပါတယ်။
ပဋိပက္ခအတွင်း ဝင်မပါမိအောင် ရှောင်ရှားရင်း ကြားဝင်ညှိနှိုင်းဖို့ ကြိုးပမ်းနေတဲ့ ဘေဂျင်း အစိုးရက အမေရိကန်နဲ့ အီရန်တို့ ဆွေးနွေးဖို့ အကြိမ်ကြိမ် တိုက်တွန်းထားပါတယ်။
မေ ၆ ရက်က အာရက်ချီနဲ့ တွေ့ဆုံချိန်မှာလည်း ဝမ်ယိက နှစ်နိုင်ငံ ဆွေးနွေးဖို့ ထပ်ပြီး တိုက်တွန်းခဲ့ပါတယ်။
တရုတ်နဲ့ အီရန်ကြား ပူးပေါင်းဆောင်ရွက်မှု ပိုပြီး အားကောင်းလာမယ်လို့ အာရက်ချီက ဝမ်ယိကို ပြောကြားခဲ့ကြောင်း အီရန် နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
ထရန့်နဲ့ အီရန် အရာရှိတွေက ဧပြီလအတွင်း ပါကစ္စတန် ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲမှုကို လက်ခံအောင် ကူညီပေးတဲ့အတွက် ဘေဂျင်းကို ချီးကျူးခဲ့ကြပါတယ်။
ကမ္ဘာကြီးအတွက် လိုအပ်တဲ့ လောင်စာတွေ အများကြီး ဖြတ်သန်းတင်ပို့ရာ ဟောမု့ဇ် ရေလက်ကြားဟာ စစ်ပွဲ စတင်ချိန်ကတည်းက အီရန်ဘက်က ပိတ်ထားခဲ့တာပါ။
အမေရိကန်ကလည်း အီရန် ဆိပ်ကမ်းတွေကို ပိတ်ထားတာကြောင့် ကုန်တင်သင်္ဘော အများစု ဖြတ်သန်းလို့မရ ဖြစ်နေပါတယ်။
အီရန် ဆိပ်ကမ်းတွေကို အမေရိကန်က ပိတ်ဆို့ထားတာဟာ တာဝန်ခံမှု မရှိတဲ့ အန္တရာယ်ရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ တရုတ်က ပြောပါတယ်။
အဲဒီ လုပ်ရပ်ကြောင့် နဂိုကမှ ပျက်ပြယ်လွယ်တဲ့ အပစ်ရပ် သဘောတူညီမှုကို အားလျော့သွားစေလိမ့်မယ်လို့လည်း ဘေဂျင်း အစိုးရက ပြောပါတယ်။
တရုတ်ဟာ အီရန် ရေနံတွေကို အဓိက ဝယ်ယူနေတဲ့ နိုင်ငံ ဖြစ်ပြီး အမေရိကန်က အီရန် ရေနံတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။
၂၀၂၅ ခုနှစ်အတွင်း တရုတ်က အီရန် ရေနံ စည်ပေါင်း ၁ ဒသမ ၃၈ သန်း တင်သွင်းခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်မူဝါဒ အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီရေနံ ပမာဏဟာ တရုတ် လိုအပ်တဲ့ စုစုပေါင်း ရေနံစိမ်း တင်သွင်းမှုရဲ့ ၁၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။
တရုတ်ဟာ သူတို့ လိုအပ်တဲ့ ရေနံတွေ အတွက် ဟောမု့ဇ် ရေလက်ကြားကို အားကိုးနေရပေမယ့် သမ္မတ ရှိကျင့်ဖျင်ဟာ အရမ်းလေးစားစရာ ကောင်းတယ်လို့ ထရန့်က ယခုသီတင်းပတ်အတွင်း အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Ref:BBC

