လောင်းလုံး၊ ဧပြီ ၂၃

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ညှင်းမော်ကျေးရွာကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဧပြီ ၂၂ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်မှာ လောင်းလုံးမြို့ပေါ်ကနေ တဆင့် ညှင်းမော်ကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

စစ်ကော်မရှင်တပ်ဟာ သင်္ကြန်မတိုင်မီကတည်းက လောင်းလုံးမြို့ပေါ်မှာ အင်အားဖြည့်တင်းထားတာဖြစ်ပြီး လက်ရှိမှာ စစ်ရေးလှုပ်ရှားမှု ငြိမ်သက်နေတဲ့ လောင်းလုံးမြို့နယ်ထဲကို တကျော့ပြန် စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ ညှင်းမော်ကျေးရွာက ဒေသခံတွေက မနက်အစောပိုင်းကတည်းကစပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တပ်ဟာ ညှင်းမော်ကျေးရွာ စာသင်ကျောင်းနဲ့ လူနေအိမ်တွေမှာ တပ်ဖြန့်နေရာယူထားပေမယ့် အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ညှင်းမော်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.