နေပြည်တော်၊ ဧပြီ ၂၂

လောင်စာဆီနဲ့သွင်းအားစုတွေကို ရရှိနိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုတင်စုဆောင်း ဖြည့်တင်းထားရှိဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

မနေ့ ဧပြီ ၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာ အာဏာသိမ်း သမ္မတက ပြောကြားခဲ့တာပါ။

အာဏာသိမ်း သမ္မတက လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ပဋိပက္ခတွေကြောင့် နောက်ဆက်တွဲအနေနဲ့ နိုင်ငံတကာမှာ လောင်စာဆီ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်တွင်းလောင်စာဆီ အခက်အခဲ ဖြေရှင်းပေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် လိုအပ်တဲ့ လောင်စာဆီနဲ့သွင်းအားစုတွေ ရရှိနိုင်ရေးနည်းလမ်းမျိုးစုံနဲ့ ကြိုတင်စုဆောင်း ဖြည့်တင်းထားရှိဖို့ လိုတယ်လို့ ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ အာဏာသိမ်း သမ္မတက သူ့တို့အစိုးရအဖွဲ့ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကနေ ပေါ်ထွက်လာတာကြောင့် ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တဖက်မှာလည်း အာဏာသိမ်း သမ္မတဟာ လာမယ့် ရက် ၁၀၀ အတွင်း PDF တွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ERO တွေအနေနဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

အာဏာသိမ်း သမ္မတရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု ကမ်းလှမ်းချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ERO တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေက ပြတ်ပြတ်သားသား ပယ်ချထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.