စစ်တပ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်မယ်လို့ ဒုတပ်ချုပ် အတည်ပြု

နေပြည်တော်၊ မတ် ၂၇

၈၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့ နောက်ပိုင်းမှာ စစ်တပ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပေါ်လာမယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အတည်ပြုပါတယ်။

မနေ့ မတ် ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်မယ့် တပ်မတော် အခမ်းအနား တက်ရောက်လာတဲ့ အငြိမ်းစား အရာရှိကြီးတွေကို သွားရောက်ဂါရဝပြုစဉ် ဒုစစ်ခေါင်းဆောင် အသိပေးပြောဆိုခဲ့တာပါ။

ဒုစစ်ခေါင်းဆောင်က စစ်တပ်မှာ ဘယ်သူဦးဆောင်တာ ဖြစ်စေ ခေါင်းဆောင်အစဉ်အဆက်၊ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေ၊ စစ်ပညာရပ်တွေ၊ မူဝါဒလမ်းစဉ်တွေအတိုင်း ဆက်လက်လျှောက်လှမ်းမယ်လို့ ဆိုပါတယ်။

မကြာမီရက်ပိုင်းမှာလည်း သမ္မတနဲ့ဒုတိယသမ္မတတွေ ရွေးချယ်တင်မြှောက်ပြီး ပေါ်ထွန်းလာမယ့် ဒီမိုကရေစီအစိုးရအသစ်အား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးအပ်သွားမယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

ဂါရဝပြုကန်တော့ပွဲ အခမ်းအနား သမ္မတဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန် (အငြိမ်းစား)က အစိုးရသစ်အနေနဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုရဲ့ စားဝတ်နေရေးအဆင်ပြေဖို့နဲ့ နိုင်ငံလူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တာပါ။

လက်ရှိမှာလည်း တပ်ချုပ်ရာထူးကို ဆက်ခံမယ့်သူအဖြစ် သုံးပွင့်ဆိုင်လာတဲ့ စစ်ဗိုလ်ချုပ်သုံးဦးရဲ့ နာမည်တွေ လူမှုကွန်ရက်သုံးစွဲသူတွေကြား ရေပန်းစားနေပါတယ်။

အဲဒီထဲမှာ အရင်က နာမည်ထွက်ခဲ့တဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်း အပါအဝင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကြည်းချုပ်အဖြစ် ရာထူးတိုးခံရတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.