ချောက်မြို့နယ်မှာ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရ၊ အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

မကွေး မတ် ၂၇

မကွေးတိုင်း ချောက်မြို့နယ်မှာ စစ်ကော်မရှင် တပ်သားတွေ တိုက်ခိုက်ခံရပြီး အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦးသေဆုံးတယ်လို့ Yenanthar Column တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အများပြည်သူပိုင် ကားနဲ့လိုက်ပါလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ဂွေးချိုတိုက်နယ် ရဲစခန်းကို တိုက်ခိုက်ခဲ့တာပါ။

“သူတို့တွေက ပြည်သူတွေရဲ့ကားတွေ နောက်မှာ ကပ်လိုက်လာတာကို ကျွန်တော်တို့က အသင့်စောင့်ပြီး တိုက်ခိုက်တာပါ။ မျက်မြင်ကိုပဲ ငါးယောက်ပါတာမှာ သုံးယောက်ကနေရာတင်သေပါတယ်။ “လို့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တချိန်တည်းမှာပဲ ဂွေးချိုတိုက်နယ် ရဲစခန်းကို လာတဲ့ အရာရှိတွေပါတဲ့ ကားကို ဒရုန်းဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းမှူးအပါအဝင် အရာရှိတွေ သေဆုံးတယ်လို့သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေအပြီး စစ်ကူလာတဲ့ စစ်ကော်မရှင်ယာဉ်တန်းကိုလည်း ဒရုန်းဗုံးချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက်က အရာရှိ ၄ ဦးနဲ့ တပ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတွေလည်း များနိုင်တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကို မကွေးတိုင်း ပ.က.ဖ ရွေ့လျားစစ်ကြောင်း Yenanthar Column၊ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက် ပကဖ) ၊ မကွေးခရိုင် ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း (Chauk Guerrilla Force)၊ မကွေးခရိုင် ပကဖ တပ်ခွဲ – ၁ (အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့)၊ မကွေးခရိုင် ပကဖ တပ်ခွဲ – ၅ (Chauk Spacial Attack Force)၊ မကွေးခရိုင် ပကဖ တပ်ခွဲ – ၆ (သခင်ဖိုးလှကြီးအဖွဲ့ ) တို့ ပူးပေါင်းကာ တိုင်း/ခရိုင်/မြို့နယ် မဟာမိတ် ( ၅ ) ဖွဲ့ စုဖွဲ့မှုနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.