မော်လမြိုင် ၊ မတ် ၂၇
မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ စက်သုံးဆီဈေးနှုန်းဟာ တစ်ရက်တည်း တစ်လီတာကို ကျပ် ၁၀၀၀ ကျော်အထိ ဈေးနှုန်းခုန်တက်လာခဲ့ပါတယ်။
မနေ့ မတ်လ ၂၆ ရက်နေ့က တစ်လီတာကို ၃၉၅၅ ကျပ်သာ ရှိခဲ့တဲ့ 95 ဓာတ်ဆီဈေးဟာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာတော့ တစ်လီတာကို ၅၁၉၅ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာပြီး တစ်လီတာကို ကျပ် ၁၂၀၀ အထိ ဈေးနှုန်းခုန်တက်သွားတာပါ။

အလားတူ ပရီမီယံ ဒီဇယ်ဆီကလည်း တစ်လီတာကို ၅၀၃၀ ကျပ် ကနေ ၆၄၂၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်လာပြီး 92 ဓာတ်ဆီကလည်း တစ်လီတာကို ၃၇၆၅ ကျပ်ကနေ ၄၈၂၅ ကျပ်အထိ ဈေးနှုန်းထိုးတက်လာတာ ဖြစ်ပါတယ်။
စက်သုံးဆီ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာပေမယ့် စက်သုံးဆီဆိုင်အများစု အရောင်းပိတ်ထားတဲ့အတွက် ဆီ ဝယ်မရတဲ့ အခြေအနေနဲ့ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲကြောင့် စက်သုံးဆီ ဈေးနှုန်းဟာ အခုမတ်လ နှစ်ပတ်အတွင်းမှာ တစ်လီတာကို ကျပ် ၂၀၀၀ ကျော် ဈေးနှုန်းထိုးတက်လာပြီး စက်သုံးဆီပြတ်လပ်မှုဒဏ်ကို ပြည်သူတွေ အလူးအလဲ ခံစားနေရပါတယ်။
စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူလို့မရတဲ့ အခက်အခဲတွေကြောင့် ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းအများစု ရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
ဒေသတွင်းမှာတော့ စက်သုံးဆီဈေးနှုန်းကြီးမြင့်လာမှုနဲ့အတူ ဝယ်ယူရအခက်အခဲတွေကြောင့် ပြင်ပမှောင်ခိုဈေးကွက်မှာ တစ်လီတာကို ကျပ် ၁၂၀၀၀ ကနေ ကျပ် ၁၅၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။
စက်သုံးဆီ ပြတ်လပ်မှုတွေနဲ့ ဖြစ်ပေါ်နေပေမယ့် မြန်မာနိုင်ငံမှာ အရန်ဆီ ရက် ၄၀ စာ ရှိကြောင်းနဲ့ ဝယ်ယူထားတဲ့ စက်သုံးဆီ သဘောၤ ၁၉ စင်းရှိတယ်လို့ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

