ရေး၊ မတ် ၂၆

မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းဒေသထဲကို နယ်မြေရှင်းလင်းခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းပြန်ဆုတ်သွားပြီလို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကစလို့ ရေးမြို့နယ် မြောက်ပိုင်းဒေသဖြစ်တဲ့ အောင်သာယာကျေးရွာနဲ့ လိမ္မော်ခြံကျေးရွာတို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာပါ။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုကြောင့် အဲဒီကျေးရွာတွေမှာ မတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ မတ်လ၂၄ ရက်နေ့မှာ စစ်ကြောင်းပြန်ဆုတ်သွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း နှစ်ဦးသာ ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ကတော့ စစ်ကော်မရှင်တပ်နဲ့ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ မတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် အောင်သာယာကျေးရွာနဲ့ လိမ္မော်ခြံကျေးရွာတို့က ရော်ဘာခြံ လုပ်သား ၂၀၀ ကျော်ဟာ ရွာထဲတွေကို ချက်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပေမယ့် စစ်ကြောင်းပြန်ဆုတ်သွားတာကြောင့် လုပ်ငန်းခွင်တွေ ပြန်ဝင်နေကြတယ်လို့ ဆိုပါတယ်။

တော်လှန်ရးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ရေးမြို့နယ် မြောက်ပိုင်းဒေသထဲကို စစ်ကော်မရှင်တပ် မကြာခဏဆိုသလို စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.