ပုလော၊ မတ် ၂၇
တနင်္သာရီတိုင်း ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာအနီးမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က မီးလောင်ချောင်းကျေးရွာနေ အသက် ၂၁ နှစ်အရွယ် မောင်အောင်စိုးဟာ ကျေးရွာအနီးမှာ ဟင်းသီးဟင်းရွက်ခူးဖို့ သွားစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။
မြေမြှုပ်မိုင်းကြောင့် မောင်အောင်စိုးဟာ ဘယ်ဘက်ခြေဖဝါး ကြေမွဒဏ်ရာရရှိခဲ့တာကြောင့် ခြေကျင်းဝတ်တစ်ခုလုံး ဖြတ်တောက်လိုက်ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ မောင်အောင်စိုးဟာ မြိတ်ခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
မြေမြှုပ်မိုင်းပေါက်ကွဲခဲ့တဲ့ မီးလောင်ချောင်းကျေးရွာဟာ စစ်ကော်မရှင်တပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားတာပါ။
ဒါပေမယ့် ဒီမြေမြှုပ်မိုင်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်အဖွဲ့အစည်းတွေက လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း ပုလောမြို့နယ် ပလမြို့ ဇရပ်ဆိပ်ကျေးရွာမှာ တောထဲသွားတဲ့ လင်မယားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

