မော်လမြိုင် ၊ မတ် ၂၇
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတွန်းလှန်မှုကြောင့် နိုင်ငံတဝန်းမှာ အရေးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စစ်တပ်ဟာ တရုတ်အစိုးရရဲ့ ကျားကန်ပေးမှုကြောင့် လဲပြိုမှုကနေ နာလန်ပြန်ထူလာနိုင်တဲ့အခြေအနေ ရောက်ရှိလာပါတယ်။
အီရန်စစ်ပွဲကြောင့် စက်သုံးဆီနဲ့ လေယာဉ်ဆီ အကန့်အသတ်ဖြစ်လာနေတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွင်း တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာပါ။
အာဏာသိမ်းမှု ၅ နှစ်အတွင်း စစ်တပ်ဟာ တိုက်ပွဲအတက်အကျတွေနဲ့ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လေကြောင်းကနေ ပြင်းပြင်းထန်ထန် တန်ပြန်ခဲ့ရသလို တပ်အင်အားပြုန်းတီးမှုကိုလည်း စစ်မှုထမ်းဥပဒေနဲ့ ပြန်လည်ဖြည့်တင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်တပ်အနေနဲ့ ၂၀၂၅-၂၀၆ အပိုင်းလိုက်ရွေးကောက်ပွဲကို မတည်ငြိမ်တဲ့ အခြေအနေကြားကနေ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုပြီး ကျင်းပနိုင်ခဲ့တဲ့အတွက် မကြာခင် အစိုးရတစ်ရပ် ဖွဲ့စည်းဖို့လည်း ရှိနေပြန်ပါတယ်။
ဒါဟာ တရုတ်အစိုးရရဲ့ ပံ့ပိုးမှုတွေကြောင့်သာ တပ်ပိုင်းဆိုင်ရာ အားသာချက် အားနည်းချက်တွေကို အချိန်မီပြင်ဆင်နိုင်ခဲ့လို့ စစ်ရေးမှာ အရေးသာလာခဲ့တဲ့အပြင် နိုင်ငံရေးမှာပါ ထွက်ပေါက်ရစေတာလို့ စစ်ရေးအကဲခတ်တွေက ထောက်ပြပါတယ်။
Justic for Myanmar ရဲ့ အချက်အလက်တွေအရ တရုတ်နဲ့ ရုရှားအပါအဝင် ဘယ်လာရုစ်နိုင်ငံတို့ဟာ မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။
လေတပ်ကနေ CDM ပြုလုပ်ထားတဲ့ တပ်ကြပ်ကြီး ဇေယျက ပြိုလဲတဲ့ အခြေအနေကနေ ထူထူထောင်ထောင် ပြန်ဖြစ်လာတဲ့ စစ်တပ်အနေနဲ့ အဓိက တရုတ်ရဲ့ ငွေအား နည်းပညာအားနဲ့ စစ်မှုထမ်းဥပဒေကြောင့်လို့ ပြောပါတယ်။
“အဓိကတော့ သူ့ချည်းပဲဆိုရင် စစ်တပ်က (ပျက်စီးပြိုလဲမှုကနေ) မတည်ဆောက်နိုင်ဘူး။ ရုရှားနဲ့ တရုတ်၊ အဓိက တရုတ်ပေါ့။ တရုတ်က ငွေအား၊ နည်းပညာအား အကုန်လုံးကို စစ်တပ်မပြိုလဲအောင်လို့ ကျားကန်ပံ့ပိုးလိုက်တဲ့အခြေအနေမှာ စစ်တပ်က လုံးဝ ထူထူထောင်ထောင် ပြန်ဖြစ်သွားပြီးတော့ တဖြည်းဖြည်းနဲ့ အခုလို အခြေအနေတွေ နည်းနည်း ပြန်လည် အားသာလာတဲ့ အနေအထားပေါ့။ သူ့ဘက်က အရေးပြန်သာလာတဲ့ အနေအထားတစ်ခု ရောက်လာတာပေါ့။ အဓိကတော့ သူ့ကို ကျားကန်ပေးလိုက်တာ တရုတ်ရယ် စစ်မှုထမ်းဥပဒေရယ်ကြောင့်ပေါ့”လို့ ဆိုပါတယ်။
မဲသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်တပ်ဟာ အသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် စစ်ကောင်စီနဲ့ စစ်ကော်မရှင်တို့ကို ဖွဲ့စည်းခဲ့တဲ့အတွက် စစ်အသုံးစရိတ်ကိုလည်း နိုင်ငံတော်ဘဏ္ဍာကနေ လိုသလောက် ထုတ်သုံးနိုင်တာလည်း အကြောင်းအရင်းတစ်ခုပါ။
စစ်တပ်ရဲ့ အာဏာသိမ်းမှု ၅ နှစ်တာကို ပြန်ကြည့်ရင် အစောပိုင်းကာလတွေမှာ လက်နက်မဲ့ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို ကျည်ဆံအစစ်တွေ သုံးပြီး ပစ်ခတ်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးမှုတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးကို ရင်ဆိုင်လာခဲ့ရတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တိုက်ပွဲမှာ ဒီမိုကရေစီလိုလားသူတွေနဲ့ စစ်အာဏာရှင်စနစ်ကို မလိုလားကြသူတွေ ဆန့်ကျင်သူတွေချည်း မဟုတ်ဘဲ ဆယ်စုနှစ်ချီကြာ လက်နက်ကိုင်လာတဲ့ တိုင်းရင်းသားအဖွဲ့တွေလည်း ပါဝင်လာခဲ့ကြတာပါ။
အထူးသဖြင့် နွေဦးတော်လှန်ရေးကို တရှိန်ထိုး တိုးတက်စေခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်တပ်သမိုင်းကို တဆစ်ချိုး ပြောင်းလဲပေးနိုင်ခဲ့ပြီး ရှေ့တန်းက မဆုတ်တမ်းခံစစ်စခန်းတွေကနေ တိုင်းစစ်ဌာနချုပ် ၂ ခုအထိ လက်လွှတ်ခဲ့ရပါတယ်။
ဒါပေမယ့် အဲဒီစစ်ဆင်ရေးကြောင့် နယ်စပ်တည်ငြိမ်ရေးအကြောင်းပြချက်နဲ့ ကြားဝင်ညှိနှိုင်းမှု ခေါင်းစဉ်တပ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်တပ်ကြား ကမ္ဘာ့အင်အားကြီး တရုတ်အစိုးရက ဒိုင်လူကြီးလုပ်ကာ ဝင်ရောက်စွက်ဖက်မှုတွေ စတင်လာခဲ့တာပါ။
အဲဒီနောက်ပိုင်း စစ်တပ်ဟာ အဆင့်မြင့်နည်းပညာတွေနဲ့ ဝေဟင်စစ်ဆင်ရေးတွေကို ၂၀၂၄ ခုနှစ် အစောပိုင်းကစပြီး အားသာချက်အဖြစ် ပြောင်းလဲကာ တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားတဲ့ နေရာတွေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်လာပါတယ်။
တစ်ဘက်မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တဲ့အတွက် လူငယ်လူရွယ်တွေကို နည်းမျိုးစုံနဲ့ တပ်သားအဖြစ် စုဆောင်းလိုက်တဲ့အခါ အင်အားသောင်းချီ ရရှိလာပြီး ဆုံးရှုံးနယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ တိုက်စစ်ဆင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
တောင်ပိုင်းဒေသထဲက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အပါအဝင် တနင်္သာရီတိုင်းတို့မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ နယ်မြေတွေအတွင်း စစ်တပ်က စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်နေတာပါ။
ဒီအခြေအနေမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ရေးအရရော နိုင်ငံရေးအရပါ မဟာဗျူဟာကျကျ ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုနေပြီလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒေသအသီးသီးမှာ သူ့ရဲ့ သက်ဆိုင်ရာ ပြည်နယ် တိုင်းယူနစ်အလိုက် စုဖွဲ့မှုတွေ အဲဒီကနေတဆင့် လက်နက်ကိုင်တပ်ဖွဲ့တွေကို အတူတကွ စစ်ရေးဖော်ဆောင်ဖို့အတွက် အတူတူ ပူးပေါင်းလုပ်ဆောင်မှုတွေ ကျွန်တော်တို့တွေ လုပ်ဖို့ လိုအပ်ပါတယ်။အဲဒီလို မဟုတ်ဘဲနဲ့ ကျွန်တော်တို့က တစ်ယောက်တစ်ပေါက်စီ သူ့ဟာသူတိုက် ကိုယ့်ဟာကိုယ်တိုက် စသဖြင့် အဲဒီလိုပုံစံမျိုး သွားမယ်ဆိုရင်တော့ ဒီစစ်အုပ်စုကို ကျွန်တော်တို့ အမြစ်ဖြတ်တိုက်ဖို့တော့ ခက်မယ်။အဲဒီတော့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်း အားလုံးက ဟန်ချက်ညီညီနဲ့ ပူးပေါင်းဆောင်ရွက်မှု အတူအတူ လုပ်နိုင်မှသာလျှင် ကျွန်တော်တို့က ဒီအောင်ပွဲနဲ့ မြန်မြန်နီးစပ်မှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်တပ်အနေနဲ့ အာဏာသိမ်းမှု ၅ နှစ်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ နယ်မြေတွေကို တရုတ်အစိုးရရဲ့ ဖိအားအပါအဝင် စစ်ရေးအရ တဖြည်းဖြည်း ပြန်လည်ထိန်းချုပ်လာနေတာပါ။
အထူးသဖြင့် သေနတ်မပစ်ဖောက်ရဘဲ ပြန်လည်ရယူနိုင်ခဲ့တဲ့ ရှမ်းမြောက်က လားရှိုးမြို့အပါအဝင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းတွေကိုလည်း တအာင်းတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA ထိန်းချုပ်မှုတွေကနေ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် ပြီးခဲ့တဲ့နှစ်မှာ လက်လွှတ်ထားရတဲ့မြို့တွေကို တမြို့မကျန် ပြန်သိမ်းပြမယ်ဆိုပြီး ကြွေးကြော်ခဲ့တဲ့ စစ်တပ်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လဆန်းက စတင်ပြီး အရေးကြီးတဲ့ ဒေသတွေကို ဦးတည်ကာ အင်အားအလုံးအရင်းနဲ့ မြေပြင်ထိုးစစ်ဆင်ခဲ့တာပါ။
ဒီအတွက်ကြောင့် ရှမ်းမြောက်အပါအဝင် ကရင်နီ၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းက ဆုံးရှုံးနယ်မြေတချို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်နယ်မြေတွေကို တစ်စထက်တစ်စ လက်လွှတ်လာရတာ ဖြစ်ပါတယ်။
BNI – Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ စစ်တပ်က ကောလင်း၊ မြဝတီ၊ လားရှိုး၊ ဆီဆိုင်၊ မိုးဗြဲ၊ သပိတ်ကျင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်၊ စဉ့်ကူး၊ ဗန်းမောက်နဲ့ တကောင်းမြို့တို့ကို ပြန်လည်ရယူနိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မြို့ပေါင်း ၉၀ သာ ထိန်းချုပ်နိုင်တော့တာပါ။
တစ်ဘက်မှာ အပိုင်းလိုက်ရွေးကောက်ပွဲကနေ တတိယကြိမ် လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေတဲ့ ကာလအတွင်း PDF တွေနဲ့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင် ရာချီ အလင်းဝင်လာတယ်လို့ ဝါဒဖြန့်နေတာပါ။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က တပ်မတော်နေ့မှာ စစ်သားတွေကို စိတ်ဓာတ်မြှင့်တင်ဖို့နဲ့ အပြောင်းအလဲအတွက် အရေခွံလဲဖို့ လုပ်နေချိန်မှာ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လောလောဆယ် တာဝန်ထမ်းနေတဲ့ စစ်သားတွေကို ပြန်ပြီးတော့ စိတ်ဓာတ်မြှင့်တင်အောင် သူတို့တွေ နိုင်နေတယ်။ အခုလောလောဆယ်က အပြောင်းအလဲကဏ္ဍ အရမ်းရှုပ်နေတယ်။ အထူးသဖြင့်တော့ ရွေးကောက်ပွဲအတုနဲ့ အရေခွံလဲဖို့ လုပ်နေချိန်မှာတော့ ဘက်ပေါင်းစုံက သေချာ စနစ်တကျ ပြင်ထားတယ်။ အိုးနင်းခွက်နင်းတွေပေါ့ဗျာ။ လူရယ်စရာကြီးပါ။ ဒါပေမယ့်လည်း သူများတွေ ဘယ်လိုထင်ထင် လောလောဆယ် စစ်မှုထမ်းနေတဲ့ စစ်သားတွေ စိတ်ထဲမှာ ငါတို့ နိုင်နေတယ်၊ ငါတို့နဲ့ တိုက်နေတဲ့သူတွေ အုပ်စုလိုက်ကြီး လက်နက်ချနေတယ်။ အဲဒီလိုအမြင်မျိုး ဒီဟာတော့ တမင်ကို Projected (ပုံဖော်ပြီး) လုပ်ထားတဲ့ စိတ်ဓာတ်စစ်ဆင်ရေးတစ်မျိုးလို့ပဲ ပြောပါရစေ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့မှာ မန္တလေးတိုင်းက PDF ၊ TNLA နဲ့ AA အပါအဝင် လက်နက်ကိုင်အဖွဲ့ဝင် ၅၀၀ ကျော်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ကြိုဆိုပွဲလုပ်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
မတ် ၂၄ ရက်နေ့ကလည်း PDF အပါအဝင် DPLA ၊ KNDF နဲ့ PNLO စတဲ့ လက်နက်ကိုင်အဖွဲ့ဝင် ၂၇ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေ ဆုကြေးငွေ ပေးအပ်ခဲ့တယ်လို့ စစ်ကော်မရှင်က ဝါဒဖြန့်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC

