နေပြည်တော် ၊ မတ် ၂၆
စစ်ကော်မရှင်ရဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာတဲ့ တတိယကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ဖွဲ့စည်းတဲ့ အမြဲတမ်းကော်မတီလေးခုမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးအမတ်တွေ ဦးဆောင်ပြန်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို ဦးဆောင်တဲ့ ဥက္ကဋ္ဌ နှစ်ဦးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေဖြစ်ကြတဲ့အပြင် အဲဒီလွှတ်တော်နှစ်ရပ်ကနေ တာဝန်ပေးဖွဲ့စည်းတဲ့ ကော်မတီတွေမှာလည်း တပ်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ ထည့်သွင်းထားတာပါ။
စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်အရ မတ် ၂၃ ရက်နဲ့ ၂၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ် တော်အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းကော်မတီက ဥက္ကဋ္ဌနဲ့ အတွင်း ရေးမှူး နှစ်ဦးစီတို့ကို ရွေးချယ်အတည်ပြုခဲ့ပါတယ်။
ဖွဲ့စည်းခဲ့တဲ့ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ နန္ဒကျော်စွာနဲ့ အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦးတို့ ပါဝင်ပြီး ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတေဇကျော်နဲ့ အတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်က ဦးမောင်မောင်အုန်းနဲ့ အတွင်းရေးမှူးအဖြစ် ထားဝယ်မဲဆန္ဒနယ်က ဒေါက်တာ ကျော်ကျော်ဌေးတို့ကို တာဝန်ပေးအပ်ပြီး ဖွဲ့စည်းသွားမှာပါ။
အလားတူ အစိုးရရဲ့ အာမခံချက်တွေ၊ ကတိတွေနဲ့ တာဝန်ခံချက်တွေ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ကျိုင်းတုံမဲဆန္ဒနယ်က ဦးသန်းထွန်းဦးနဲ့ အတွင်းရေးမှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်က ဦးသန်းထွန်းတို့ကိုလည်း တာဝန်ပေးဖွဲစည်းသွားမှာ ဖြစ်ပါတယ်။
လွှတ်တော်အခွင့်အရေးကော်မတီနဲ့ အစိုးရရဲ့ အာမခံချက်တွေ၊ ကတိကဝတ်တွေနဲ့ တာဝန်ခံချက်တွေ စိစစ်ရေးကော်မတီတို့ရဲ့ ဥက္ကဋ္ဌတွေအဖြစ် တာဝန်ပေးခံရသူတွေဟာ ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ကြပါတယ်။
အဖွဲ့ဝင် ၁၅ ဦးစီနဲ့ ဖွဲ့စည်းတဲ့ အဲဒီ အမြဲတမ်းကော်မတီလေးခုမှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်ပြီး တပ်ကိုယ်စားလှယ် နှစ်ဦးစီနဲ့ အခြားပါတီဝင်တချို့လည်း ထည့်သွင်းထားတာပါ။
အမျိုးသားလွှတ်တော်မှာလည်း အမြဲတမ်းကော်မတီလေးခုဖြစ်တဲ့ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရရဲ့ အာမခံချက်တွေ၊ ကတိတွေနဲ့ တာဝန်ခံချက်တွေ စိစစ်ရေးကော်မတီတို့ကို ပြည်သူ့လွှတ်တော်နည်းတူ ဖွဲ့စည်းတာဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ အမျိုးသားလွှတ်တော်က ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းမဲဆန္ဒနယ်က ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ ဦးဇင်မင်းထက်နဲ့ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းမဲဆန္ဒနယ်က ဗိုလ်မှူးချုပ်ဟောင်း ဦးချစ်ဆွေတို့ကို တာဝန်ပေးထားတာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အမြဲတမ်းကော်မတီ လေးခုအပြင် လိုအပ်ချက်အရ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရေးရာကော်မတီတွေ၊ အခြားကော်မတီတွေနဲ့ ကော်မရှင်တွေကိုလည်း ယာယီ ဒါမှမဟုတ် အတည်တကျ ဖွဲ့စည်းခွင့်ရှိပါတယ်။
ဒီကော်မတီတွေဟာ လွှတ်တော်ဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်ရေးနဲ့ အထူးလုပ်ငန်းတွေကို စီမံဖို့ အပါအဝင် ဥပဒေကြမ်းတွေကို စိစစ်တာ၊ ဘတ်ဂျက်အတည်ပြုတာ၊ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်တာနဲ့ ပြည်သူ့အကျိုးပြုကိစ္စရပ်တွေမှာ အကြံပြုတင်ပြတာတွေကို လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-USDP

