မြဝတီ၊ မတ် ၂၆
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကို လာမယ့် ဧပြီလ ၁ ရက်နေ့မှာ စစ်ကော်မရှင်က ပြန်ဖွင့်သွားမယ်လို့ သတင်းထွက်ပေါ်နေရာ ဒေသခံတွေပြည်သူတွေကတော့ စက်သုံးဆီ အကြပ်အတည်းကာလအတွင်း အာရှလမ်းမ ပြန်ဖွင့်နိုင်ဖို့ မျှော်လင့်နေတာပါ။
အာရှလမ်းမကို နှစ်အတန်ကြာ ပိတ်ထားခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ၂၀၂၅ စက်တင်ဘာလအတွင်း စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်အစိုးရသစ်မဖွဲ့ခင်မှာ အာရှလမ်းအပြင် မြဝတီမြို့က ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကိုပါ ပြန်ဖွင့်သွားမယ်လို့ သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။
မြဝတီမြို့ခံတွေရဲ့ ပြောပြချက်အရ မြဝတီ ကုန်သွယ်ရေးဇုန်နဲ့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားတို့ကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့မှာ သန့်ရှင်ရေးပြန်လုပ်နေတယ်လို့ သိရပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်း နှစ်အတန်ကြာ ပိတ်ထားခဲ့ရတာကြောင့် ကုန်စည်ပို့ဆောင်ရေးအတွက် ပြည်သူတွေဟာ ကော့ကရိတ်မြောက်ဘက် ကရင်ငြိမ်းချမ်းရေးကောင်စီ PC အဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ ကြက်ဥတောင်လမ်း၊ ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်းတွေမှာ သွားလာအသုံးပြုခဲ့ရတာပါ။
အဲဒီလမ်းပိုင်းတွေမှာ ငွေကြေးကောက်ခံတဲ့ဂိတ်များပြားတာကြောင့် ကုန်ကျစရိတ်တွေများပြားတဲ့အပြင် ခရီးလမ်းပိုင်းသွားလာမှုကလည်း နာရီများစွာ ကြာမြင့်နေရတာဖြစ်ပါတယ်။
အခုလက်ရှိ စက်သုံးဆီဈေးနှုန်းကြီးမြင့်လာမှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း မြင့်မားလာမှုနဲ့အတူ စက်သုံးဆီရရှိဖို့ကလည်း ပိုမိုခက်ခဲလာတာကြောင့် အာရှလမ်းမကို ပြန်ဖွင့်နိုင်ဖို့အတွက် ဒေသခံတွေကတော့ မျှော်လင့်နေကြတယ်လို့ ပြောဆိုမှုတွေလည်းရှိနေတာပါ။
မြဝတီမြို့ခံကုန်သည်တစ်ဦးကလည်း ဧပြီ ၁ ရက်နေ့မှာ အာရှလမ်းပြန်ဖွင့်ဖို့ ရာခိုင်နှုန်းများနေတယ်လို့ ဆိုပါတယ်။
အာရှလမ်းနဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ဖို့ သတင်းထွက်ပေါ်နေစဉ်မှာပဲ မတ်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီခွဲက ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နယ်မြေခံ ထိုင်းစစ်တပ်အကြီးအကဲ ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ကော်မရှင်တပ်က ခလရ ၂၇၅ တပ်ရင်းမှူး ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံမှုဟာ ထိုင်းစစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့တုန်းက နေပြည်တော်မှာ စစ်ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ဆုံဆွေးနွေးမှုအပြီး တပ်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးတွေ တွေ့ဆုံမှုလည်းဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

