ဖာပွန်အခြေစိုက် ကော်သွေးကျိုးစစ်တပ်စခန်း သိမ်းပိုက်ခံရ

ဖာပွန်၊ မတ် ၂၄

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အခြေစိုက် စစ်ကော်မရှင်ရဲ့ ကော်သွေးကျိုးစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့က ဖာပွန်မြောက်ဘက်ပိုင်းဒေသ KNU တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ ကြားမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ရဲ့ ကော်သွေးကျိုးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ကော်သွေးကျိုးစခန်းကို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီနေ့ ညနေပိုင်းမှာပဲ စခန်းတစ်လုံးကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

ကော်သွေးကျိုးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က အများအပြားထိခိုက်သေဆုံးခဲ့ပြီး ထွက်ပြေးသွားတာတွေလည်းရှိနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် မတ်လ ၁၄ ရက်နေ့ကလည်း ဖာပွန်အခြေစိုက် စစ်ကော်မရှင်တပ်ရဲ့ ကဘောဘူစခန်းကိုလည်း KNU တပ်မဟာ ၅ နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိပြီး စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ လာရောက်ပစ်ကူပေးနေတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး KNU ဖာပွန်ခရိုင်တပ်မဟာ ၅ က မတ်လ ၂၃ ရက်နေ့အထိ ညနေပိုင်းအထိ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ကရင်ပြည်နယ် ဖာပွန်မြောက်ပိုင်းဒေသမှာ စစ်ကော်မရှင်တပ်စခန်း ၅ ခုထက်မနည်း ကျန်ရှိနေသေးပြီး အဲဒီတပ်စခန်းတွေကို တော်လှန်ရေးအင်အားစုအဖွဲ့တွေ ပိတ်ဆို့ဖြတ်တောက်ထားတဲ့အတွက် စစ်ကော်မရှင်တပ်က လေယာဉ်နဲ့သာ အသုံးပြုနေရပြီး ရိက္ခာပို့ဆောင်ပေးနေရတာပါ။

တော်လှန်ရေးအင်အားစုအဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပိတ်ဆို့ထားနေတဲ့ ဖာပွန်ဗျူဟာမှာလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေသလို အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့တာကြောင့် ဒေသခံတွေအများအပြား သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

KNU ဖာပွန်ခရိုင်တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၁ ရက်ကနေ ၁၅ ရက်အတွင်း တိုက်ပွဲအကြိမ်ရေ ၅၀ နီးပါးဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်တပ်ဘက်က ၅ ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရခဲ့သလို စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၆ ဦး သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.