ဂန့်ဂေါမှာ YDF တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်

မကွေး မတ် ၂၃

မကွေးတိုင်း ဂန့်ဂေါမှာ ယောကာကွယ်ရေးတပ် YDF တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်က ဂန့်ဂေါမြို့နယ် ညောင်လယ်ကျေးရွာအနီးမှာ YDF တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးကောင်းကောင်းအပါအဝင် နှစ်ဦး ကျဆုံးတယ်လို့ YAW IDP’s Support Network ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျဆုံးသွားတဲ့ ဗိုလ်ကြီးကောင်းကောင်းဟာ ယောကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုမြတ်သူနဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေတာကြောင့် ခွဲထွက်လာသူဖြစ်ပြီး ပြန်လည်ညှိနှိုင်းဖို့ လုပ်ဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။

ယောကာကွယ်ရေးတပ်ရဲ့ ကိုမြတ်သူဦးဆောင်တဲ့ ဗဟိုစစ်ရုံးချုပ်ကတော့ ရဲဘော် ၂ ဦးကို ဗိုလ်ကြီးကောင်းကောင်းအပါအဝင် ၈ ဦးက ပြန်ပေးဆွဲလို့ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချပြီး ယောဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့လက်နက်ခြင်းမဖြေရှင်းကြဖို့နဲ့ မျက်နှာချင်းဆိုင်ညှိနှိုင်းဖြေရှင်းကြဖို့ YAW IDP’s Support Network ကတိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.