ရေးမှာ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ

ရေး၊ မတ် ၂၁

မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကစလို့ ရေးမြို့နယ် အောင်သာယာကျေးရွာနဲ့ လိမ္မော်ခြံကျေးရွာတို့ကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေဟာ မတ်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် အောင်သာယာကျေးရွာနဲ့ လိမ္မော်ခြံကျေးရွာတို့က ရော်ဘာခြံ လုပ်သား ၂၀၀ ကျော်ဟာ ရွာထဲတွေကို ချက်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း အောင်သာယာကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း PDF ရဲဘော် သုံးဦး ကျဆုံးခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးထားတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.