စက်သုံးဆီ အခက်အခဲကြောင့် ဘားအံမှာ မြို့ပတ်ယာဉ်လိုင်း စတင်ပြေးဆွဲ

ဘားအံ၊ မတ် ၂၁

ကရင်ပြည်နယ် မြို့တော် ဘားအံမြို့မှာ စက်သုံးဆီအခက်အခဲကြောင့် မြို့ပတ်ယာဉ်လိုင်း စတင်ပြေးဆွဲသွားမယ်လို့ ပြည်နယ်စစ်ကော်မရှင်က မတ်လ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။

ကရင်ပြည်နယ် စစ်ကော်မရှင်ရဲ့ စီစဉ်မှုအရ ဘားအံမြို့ရှိ ဒေသခံပြည်သူတွေ သွားလာရေးအဆင်ပြေစေရေးအတွက် ဘားအံမြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီက ဆောင်ရွက်တဲ့ မြို့ပတ်ယာဉ်တွေကို လမ်းကြောင်း နှစ်ကြောင်းနဲ့ နေ့စဉ်ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

ပြေးဆွဲပေးတဲ့ ခရီးစဉ်လမ်းကြောင်း ၁ မှာ ထောင်ဝိ-ရွှေကြက်ဖ-ကမ်းနားလမ်းညဈေးတန်း-BOC ကွေ့၊ ရွှေယဉ်မျှော်ဘုရား-မြို့မဈေး-ရေပေါ်ဈေးဖြစ်ပြီး လမ်းကြောင်း ၂ မှာတော့ လှာကမြင်ဈေး-မဲဘောင်ဈေး-မြို့မဈေး-ရေပေါ်ဈေးတို့ ဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ စက်သုံးဆီအခက်ကြုံနေရချိန် ဒေသတွင်းခရီးသွားပြည်သူတွေ သွားလာမှုပိုမိုအဆင်ပြေစေရေးအတွက် ခရီးစဉ်လမ်းကြောင်း ၁ မှာ ပြည်ထောင်စု အမှတ်(၆)ရပ်ကွက်(သီရိဈေးရှေ့)မှတ်တိုင်ကို တိုးချဲ့ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။

ဒါကြောင့် ခရီးစဉ်လမ်းကြောင်း ၁ မှာ ထောင်ဝိ-ရွှေကြက်ဖ-ပြည်ထောင်စု အမှတ်(၆)ရပ်ကွက်(သီရိဈေးရှေ့)-ကမ်းနားလမ်းညဈေးတန်း-BOC ကွေ့၊ ရွှေယဉ်မျှော်ဘုရား-မြို့မဈေး-ရေပေါ်ဈေးတို့ ပါဝင်လာတာပါ။

ခရီးစဉ်လမ်းကြောင်း ၁ ဟာ မနက် ၇ နာရီမှာ ထောင်ဝိဂိတ်ကနေ စတင်ထွက်ခွာပြီး မနက် ၉ နာရီမှာ ရေပေါ်ဈေးကနေ ပြန်လည်ထွက်ခွာမှာဖြစ်သလို လမ်းကြောင်း ၂ ဟာ မနက် ၇ နာရီမှာ လှာကမြင်ဈေးကနေ စတင်ထွက်ခွာပြီး မနက် ၉ နာရီမှာ ရေပေါ်ဈေးကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

မြို့ပတ်ယာဉ်စီးနင်းခအတွက် တစ်ဦးကို ကျပ် ၁၀၀၀ သတ်မှတ်ထားပြီး ခရီးစဉ်အစအဆုံးမှာ တစ်ကြိမ်ပြေးဆွဲကာ ခရီးမှတ်တိုင်တစ်ခုမှာ ငါးမိနစ်ခန့် ရပ်နားပေးမှာဖြစ်တယ်လို့ ကြေညာချက်မှာ အသိပေးထားပါတယ်။

ဒေသခံပြည်သူတွေကတော့ မြို့ပတ်မော်တော်ယာဉ်လိုင်း ခရီးလမ်းကြောင်းတွေကို မြို့ထဲကနေ မြို့ပြင်ရွာတွေအထိ တိုးချဲ့ပြေးဆွဲသွားဖို့နဲ့ ပြေးဆွဲမယ့်အချိန်ကိုလည်း တစ်နေ့လုံး ဒါမှမဟုတ် ညနေပိုင်းအချိန်အထိ ပြေးဆွဲသွားသင့်တယ်လို့ အကြံပြုပြောဆိုတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.