သရက်ချောင်း၊ မတ် ၂၁
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက်က လေကြောင်းနဲ့ အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကစလို့ ဝင်းဝစခန်းကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ လာကြိုတဲ့ စစ်ကူစစ်ကြောင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့နေတာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ နေ့စဉ်ရက်ဆက်ဖြစ်ပွားပြီး မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးအလုံး ၁၀၀ ကျော် လာရောက်ကြဲချသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲမှုအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် မသိရပေမယ့် မကြာမီ ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ လက်ရှိအချိန်ထိ ဂုံညှင်းဆိပ်ကျေးရွာမှာပဲ ဆက်လက်ပိတ်မိနေပြီး ထိခိုက်သေဆုံးမှု များပြားနေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ နှစ်ပေါင်း ၃၀ ကျော်အကြာ တပ်စွဲထားတဲ့ ဝင်းဝစစ်တပ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
အချိန်တစ်လနီးပါးကြာမြင့်ခဲ့တဲ့ ဝင်းဝစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ဗိုလ်ကြီး လေးဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

