ရေဖြူမှာ လက်နက်ကြီးကျပြီး သားအဖ ၂ ဦး သေဆုံး

ရေဖြူ၊ မတ် ၂၂

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးကျေးရွာမှာ မတ် ၂၀ ရက်နေ့က လက်နက်ကြီးကျပြီး သားအဖ ၂ ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ပါ တယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က ရာဖူးရွာဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းကနေ ကျေးရွာဘက်ကို လက်နက်ကြီး ၁၀ လုံးကျော်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကြောင်းကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာဖြစ်ပြီး ပြည်သူတွေနေထိုင်ရာ နေအိမ်အနား ကျရောက်ရာကနေ သားအဖနှစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ KNU မြိတ်ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို လက်နက်ကြီးထိမှန်လို့ အသက် ၄၀ ကျော်အရွယ် ဖခင်ဖြစ်သူနဲ့အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးပြီး သားဖြစ်သူမှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းက ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ကျေးရွာအနီးဝန်းကျင်သာကျရောက်ပြီး တိုက်ပွဲဖြစ်တာလည်း မရှိသေးတာကြောင့် ရွာခံတွေကတော့ နေရပ်စွန့်ခွာထွက်ပြေးကြတာမျိုး မရှိဘူးလို့ သိရပါတယ်။

ရာဖူး၊ မရမ်းချောင်း၊ သာယာမွန်ရွာတွေအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တွေက စစ်ရေးလှုပ်ရှားနေသလို စစ်ကော်မရှင်စစ်ကြောင်းတွေကလည်း မကြာခဏ ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာထဲမှာ စိတ်ကျန်းမာရေးမကောင်းသူ ရွာသား ၁ ဦးး စစ်ကော်မရှင် စစ်ကြောင်းနဲ့ဆုံပြီး ပစ်သတ်ခံရသေးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.