ကော့ကရိတ် မတ် ၂၂
ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်းဒေသမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ကော့ကရိတ်မြောက်ပိုင်းဒေသရှိ ကျေးရွာတွေနဲ့ ကော့ကရိတ်-မြဝတီ ဒေါနတောင်ပေါ်လမ်းဟောင်းကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားနေတာဖြစ်ပြီး ဒီနှစ် မတ်လပိုင်းအထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့က စစ်ကော်မရှင်တပ်က ကော့ကရိတ်မြောက်ပိုင်းဒေသထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ဒီရက်ပိုင်းထဲ ဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်သားတွေ ထိခိုက်မှုများပြီး ထွက်ပြေးတာတွေရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ကော့ကရိတ်မြောက်ပိုင်းဒေသ တိုက်ပွဲတွေကြောင့် မိဖာလဲ၊ နောင်းကိုင်း၊ ကွီမော်တိုင်၊ ထီးဖိုးစံ၊ ကော့ဖန်ရပ်၊ ကော့သာဆူး၊ နောင်းမီ၊ မြပတိုင် စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ လအတန်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပြီး တချို့ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်စစ်ကြောင်းတွေ ကင်းပုန်းဝပ်နေရာယူထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ကော့ကရိတ်မြောက်ပိုင်းဒေသအတွင်း စစ်ကော်မရှင်တပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ဆင်ရေး ဝင်ရောက်လှုပ်ရှားနေတာဖြစ်ပြီး စစ်ကော်မရှင်တပ်နဲ့အတူ ခွဲထွက် DKBA အဖွဲ့လို့ခေါ်ကြတဲ့ ဗိုလ်ဘိဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်အဖွဲ့လည်း ပါဝင်ကူညီပေးနေတယ်လို့ သိရပါတယ်။
ကော့ကရိတ်နယ်မြေတိုက်ပွဲမှာ စစ်ကော်မရှင်တပ်က မြေပြင်ကနေ စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်လာတာနဲ့အတူ အရပ်သား ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေအပေါ်မှာလည်း လေကြောင်း ဗုံးကြဲမှုတွေနဲ့ လက်နက်ကြီး ဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

