မွန်မှာ အာဏာသိမ်းကာလအတွင်း အရပ်သား ၆၅၀ ဦး သေဆုံး

မော်လမြိုင်၊ မတ် ၁၉

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ငါးနှစ်တာကာလအတွင်း အရပ်သားပြည်သူ ၆၅၀ ဦး သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar က မတ်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အဲဒီအစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ငါးနှစ်တာကာလအတွင်း မွန်ပြည်နယ်မှာ အရပ်သားပြည်သူ ၆၅၀ ဦး သေဆုံးပြီး ၁၀၈၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Data for Myanmar ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းကာလအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၂၄၁ ဦး သေဆုံးခဲ့ပြီး လက်နက်ကြီး၊ဒရုန်း၊မြေမြှုပ်မိုင်းနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၂၆ ဦး သေဆုံးခဲ့တာပါ။

သေဆုံးသွားတဲ့ အရပ်သားပြည်သူတွေထဲမှာ ၇၂ ရာခိုင်နှုန်းဟာ အမျိုးသားတွေ ဖြစ်ပြီး သထုံခရိုင်တစ်ခုတည်းမှာပဲ အရပ်သား သေဆုံးမှု ၅၈ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်ခဲ့ပါတယ်။

မြို့နယ်အလိုက် အရပ်သား သေဆုံးမှုအရ ကျိုက်ထိုမြို့နယ်မှာ အများဆုံး ဖြစ်ပြီး ရေးမြို့နယ်ဟာ ဒုတိယ သေဆုံးမှု အများဆုံး ဖြစ်ခဲ့တာပါ။

အရပ်သားပြည်သူ သေဆုံးမှုအရ မွန်ပြည်နယ်ဟာ ၂၀၂၄ ခုနှစ်အတွင်း အရပ်သား ၁၇၀ ဦးနဲ့ အများဆုံး သတ်ဖြတ်ခံရတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။

Data for Myanmar ကတော့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားသတ်ဖြတ်မှုတွေကို ရပ်တန့်ပြီး စစ်ရေးကျင့်ဝတ်တွေ လိုက်နာကြဖို့ လိုအပ်နေတယ်လို့ ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Data for Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.