အီရန် စစ်ပွဲ အရှိန်မြင့်လာလို့ တပ်ဖွဲ့ဝင် ထောင်ချီ စေလွှတ်ဖို့ အမေရိကန် စဉ်းစားနေ

ဝါရှင်တန်၊ မတ် ၁၉

အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေးကို အားဖြည့်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အစိုးရက စဉ်စားနေပါတယ်။

အီရန်စစ်ပွဲ နောက်တစ်ဆင့် အရှိန်မြင့်တက်လာနိုင်တဲ့အတွက် အမေရိကန် စစ်တပ်က ကြိုတင်ပြင်ဆင်နေကြောင်း အဲဒီ ကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် သုံးခုနဲ့ အမေရိကန် အရာရှိတစ်ဦးက ပြောပါတယ်။

အီရန်ကို တိုက်ခိုက်မှု တတိယ သီတင်းပတ်ထဲ ဝင်ရောက်လာချိန် အမေရိကန်က စစ်သားတွေ ချထားမယ်ဆိုရင် ထရန့်အတွက် စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ နောက်ထပ် ရွေးချယ်စရာတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီလို ရွေးချယ်စရာတွေထဲမှာ ကမ္ဘာအတွက် အရေးပါတဲ့ ကုန်သွယ်ရေး လမ်းကြောင်း ဟောမု့ဇ် ရေလက်ကြားကို စောင့်ကြပ်တာ၊ အီရန် ကမ်းရိုးတန်းအနီး တပ်ဖွဲ့ဝင်တွေ ချထားတာတွေ ပါဝင်နေပါတယ်။

အီရန်ဆီက တင်ပို့လိုက်တဲ့ ရေနံ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတဲ့ အီရန် ကာ့ချ်ကျွန်းသို့ အမေရိကန် မြေပြင်တပ်ဖွဲ့တွေ စေလွှတ်ဖို့လည်း စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကာ့ချ်ကျွန်းကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်နိုင်တာကြောင့် အမေရိကန် တပ်ဖွဲ့ဝင်တွေ ချထားရင် အန္တရာယ်များမှာ ဖြစ်ကြောင်း အမေရိကန် အရာရှိ တစ်ဦးက ပြောပါတယ်။

အမေရိကန်က အဲဒီ ကျွန်းပေါ်ရှိ စစ်ရေး ပစ်မှတ်တွေကို မတ် ၁၃ ရက်မှာ တိုက်ခိုက်ခဲ့ပြီး နောက်ထပ် စွမ်းအင် အဆောက်အဦတွေကို တိုက်ခိုက်မယ်လို့ ထရန့်က ခြိမ်းခြောက်ထား ပါတယ်။

ဒါပေမဲ့ အီရန် စီးပွားရေးအတွက် အရေးကြီးတဲ့ အဲဒီ ကျွန်းကို ဖျက်ဆီးပစ်မယ့် အစား ထိန်းချုပ်လိုက်တာက ပိုကောင်းမယ်လို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။

မြေပြင်တပ်ဖွဲ့တွေကို အကန့်အသတ်နဲ့ပဲ သုံးမယ်ဆိုရင်တောင် ထရန့်အနေနဲ့ လူထု ထောက်ခံမှု သိသိသာသာ နည်းသွားနိုင်ပါတယ်။

အီရန်ရဲ့ သန့်စင်ပြီးသား ယူရေနီယံတွေကို ရယူရေး အမေရိကန်က မြေပြင်တပ်တွေ စေလွှတ်ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ အမေရိကန် အရာရှိ တစ်ဦးက ပြောပါတယ်။

အီရန်သို့ အမေရိကန် မြေပြင်တပ်ဖွဲ့တွေ စေလွှတ်ဖို့က သေချာသလောက် ဖြစ်နေပြီလို့ သတင်းရင်းမြစ် တစ်ခုက ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.