ဖာပွန်မှာ လေကြောင်းဗုံးကြဲခံရလို့ အရပ်သား နှစ်ဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

ဖာပွန်၊ မတ် ၁၉

ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မတ်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ တစ်ရက်တည်း ဖာပွန်မြို့နယ်ရှိ မာလေ့လာကျေးရွာနဲ့ထာလားခိုကျေးရွာတို့ကို လေကြောင်းကနေ နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲသွားတာပါ။

အဲဒီဗံုံးကြဲမှုအတွင်း ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား နှစ်ဦး သေဆုံးပြီး အမျိုးသမီးငယ်တွေအပါအဝင် အရပ်သား ၁၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကလည်း ဖာပွန်မြို့နယ်ရှိ နီဒိုထကျေးရွာ လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် ခရစ်ယာန်သမ္မာကျမ်း စာသင်ကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၂၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်းအတွင်း KNU တပ်မဟာ ၁ ၊ တပ်မဟာ ၃ ၊ တပ်မဟာ ၄ နဲ့ တပ်မဟာ ၅ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေပါတယ်။

KNU ဗဟိုကတော့ နိုင်ငံတဝန်းမှာ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အပေါ် အပြင်းထန်ဆုံး ဖိအားတွေကို အမြန်ဆုံးနဲ့ တပြိုင်တည်း ဖိအားပေးဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က နိုင်ငံတကာအသိုက်အဝန်းထံ တိုက်တွန်းတောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.