ရေး၊ မတ် ၁၇

မွန်ပြည်နယ် ရေးမြို့နယ် ကလော့ကျေးရွာအခြေစိုက် အမှတ် ၃၁၆ အမြောက်တပ်ရင်းရဲ့ စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။

တပ်အင်အား ၂၀ ကျော် တပ်စွဲထားတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ကျော်အကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က သုံးဦး သေဆုံးကာ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟာ စစ်ကော်မရှင် သြဇာခံ အာယုတောင် ဌာနေပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် လင်းဦးရဲ့ သားဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပစ်ခတ်မှုပြီးနောက် စစ်ကော်မရှင်တပ်က လမ်းသွားလမ်းလာ ပြည်သူတွေတချို့ကို ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် အရေအတွက် အတိအကျကို သံလွင်တိုင်းမ်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းရဲ့ လှည့်ကင်းအဖွဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ထံကနေ သိရပါတယ်။

ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ရေးဘီလူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.