သရက်ချောင်း၊ မတ် ၁၆

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဝင်းဝတပ်စခန်းက ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လိုက်လံတိုက်ခိုက်ခံရတာကြောင့် ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ ဝင်းဝစခန်းက ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNU ဗဟိုက မှတ်တမ်းဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီး မင်းဒပ်ကျေးရွာမှာ နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ဝင်းဝစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ဗိုလ်ကြီး လေးဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင် အင်အား ၅၀ လောက်က စခန်းစွန့်ခွာ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

‎ဝင်းဝစခန်းသိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကော်မရှင်တပ်ဟာ မတ်လ ၁၂ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာ လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်း တစ်ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.