နယူးယောက်/ဆန်ဖရန်စစ္စကို၊ မတ် ၁၃
Facebook ရဲ့ မိခင်ကုမ္ပဏီ Meta Platforms က ကုမ္ပဏီဝန်ထမ်းအရေအတွက်ရဲ့၂၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီထက်ပိုတဲ့အထိ လျှော့ချနိုင်တဲ့ အကြီးစား အလုပ်ထုတ်ပယ်မှု အစီအမံတစ်ခုကို စီစဉ်နေတယ်လို့ သတင်းရင်းမြစ် ၃ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အခုလို ဝန်ထမ်းအင်အား လျှော့ချရတဲ့အကြောင်းအရင်းကတော့ AI (Artificial Intelligence) ဉာဏ်ရည်တုနည်းပညာအတွက် အခြေခံအဆောက်အဦတွေ တည်ဆောက်ရာမှာ ကုန်ကျစရိတ်များလာတာကို ထိန်းချုပ်ဖို့နဲ့ AI ကူညီတဲ့ ဝန်ထမ်းစနစ်ကြောင့် အလုပ်လုပ်ပုံ ပိုထိရောက်လာမယ့်အခြေအနေကို ပြင်ဆင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုအချိန်ထိ ဝန်ထမ်းလျှော့ချမယ့် ရက်အတိအကျ မသတ်မှတ်ရသေးသလို ပမာဏလည်း နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးပါဘူး လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တကယ်လို့ Meta က ၂၀ ရာခိုင်နှုန်း လျှော့ချဖို့ ဆုံးဖြတ်ခဲ့ရင် အဲဒီ အလုပ်ထုတ်ပမယ်မှုဟာ ၂၀၂၂ နှစ်ကုန်နဲ့ ၂၀၂၃ နှစ်အစမှာ ပြုလုပ်ခဲ့တဲ့ ပြန်လည်ဖွဲ့စည်းမှုနောက်ပိုင်း အကြီးဆုံး ထုတ်ပယ်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဝန်ထမ်း ၇၉,၀၀၀ နီးပါး ရှိပါတယ်။
Meta က ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ဝန်ထမ်း ၁၁,၀၀၀ ခန့် (ကုမ္ပဏီတစ်ခုလုံးဝန်ထမ်း အင်အားရဲ့၁၃% ခန့်) ကို လျှော့ချခဲ့ပြီး၊ လေးလခန့်အကြာမှာ နောက်ထပ် ဝန်ထမ်း ၁၀,၀၀၀ ကို ထပ်မံလျှော့ချမယ် လို့ ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်အတွင်း စီအီးအို မက်ဇူကာဘတ်က Meta ကို Generative AI နယ်ပယ်မှာ ပိုမို ပြိုင်ဆိုင်နိုင်အောင် တိုးတက်အောင် ကြိုးပမ်းနေပါတယ်။
ကုမ္ပဏီက AI သုတေသနပညာရှင်တွေကို ခေါ်ယူဖို့ ၄ နှစ်အတွင်း ဒေါ်လာ သန်းရာချီတန်တဲ့ လစာပက်နှုန်းထားတွေ ပေးပြီး Superintelligence Team အထူးစွမ်းဆောင်ရည်မြင့် အဖွဲ့အသစ်တစ်ခုကို တည်ဆောက်နေပါတယ်။
Meta က ၂၀၂၈ ခုနှစ်မတိုင်မီ Data Center တွေ ဆောက်လုပ်ဖို့ ဒေါ်လာ ၆၀၀ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမယ် လို့လည်း ပြောထားပါတယ်။
Meta ရဲ့ Superintelligence Team က ဒီနှစ်မှာ ကုမ္ပဏီရဲ့ AI အဆင့်အတန်းကို ပြန်မြှင့်တင်ဖို့ Avocado လို့ခေါ်တဲ့ မော်ဒယ်အသစ်ကို တည်ဆောက်နေပါတယ်။ ဒါပေမယ့် အဲဒီမော်ဒယ်ရဲ့ စွမ်းဆောင်ရည်လည်း မျှော်လင့်ထားသလောက် မရောက်သေးဘူးလို့ ဆိုပါတယ်။
နောက်ဆုံးအနေနဲ့ Meta ရဲ့ ထိပ်တန်းအမှုဆောင်အရာရှိတွေက ဒီအစီအစဉ်ကို တခြား ရာထူးအကြီးတန်း ခေါင်းဆောင်ပိုင်းတွေကို မကြာသေးခင်က အသိပေးထားပြီး ဝန်ထမ်းအရေအတွက်ကို ဘယ်လိုလျှော့ချမလဲဆိုတာ စတင်စီစဉ်ကြဖို့ ပြောထားကြောင်း သတင်းရင်းမြစ်နှစ်ဦးက ဆိုပါတယ်။
Ref:Reuters

