မော်လမြိုင် ၊ မတ် ၁၃
အာဏာသိမ်းမှု ၅ နှစ်ကျော်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေကြား နိုင်ငံရေးအရ တန်းတူတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး ဘုံရည်မှန်းချက်အပေါ် အခြေခံတဲ့ တပ်ပေါင်းစုတစ်ရပ် တည်ဆောက်ဖို့ တောင်းဆိုမှုတွေ ရှိလာနေပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့မဟုတ်တဲ့ တော်လှန်ရေးအင်အားစု ၄၆ ဖွဲ့ကနေ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ အခြားမိတ်ဘက်အဖွဲ့အစည်းတွေကို အချက် ၃ ချက်နဲ့ မတ် ၁၀ ရက်နေ့မှာ သဘောထားထုတ်ပြန်ပြီး တောင်းဆိုခဲ့တာပါ။
တော်လှန်ရေးအင်အားစု အချင်းချင်းကြား စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းလမ်းနဲ့သာ ညှိနှိုင်းဖြေရှင်းဖို့နဲ့ နိုင်ငံရေးအရ တန်းတူမှုရှိတဲ့ ဘုံသဘောထားနဲ့ ရှင်းလင်းတဲ့ မူတွေ အခြေခံပြီး တပ်ပေါင်းစုတရပ်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုတဲ့ ပသုံးလုံးယန္တရားရဲ့ လူထုအပေါ် ထိခိုက်နစ်နာစေတဲ့ လုပ်ဟန်တွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ကိုလည်း ထည့်သွင်းတောင်းဆို ထားတာ တွေ့ရပါတယ်။
တော်လှန်ရေးအင်အားစု အချင်းချင်းကြား ကြီးနိုင်ငယ်ညှင်း ဆက်ဆံရေးတွေကို ရှုတ်ချပြီး နိုင်ငံရေးအရ တန်းတူတဲ့ တပ်ပေါင်းစုတရပ် ပေါ်ထွက်နိုင်ရေး အလျှင်အမြန် လိုအပ်နေပြီလို့ တော်လှန်ရေးအင်အားစု ၄၆ ဖွဲ့က သဘောထားရှိနေကြတာပါ။
ဒါမှသာ ဒီလိုမျိုး မိတ်ဖက်အဖွဲ့တွေကြား စစ်ရေးနဲ့ ဖြေရှင်းတဲ့ လုပ်ဟန်တွေ ကြီးနိုင်ငယ်ညှင်းလုပ်ရပ်တွေ ပပျောက်နိုင်မှာဖြစ်ပြီး ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးအတွက် အမှန်အကန် ထိရောက်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်မယ်လို့ ဆိုပါတယ်။
စစ်ရေးအကဲခတ်တွေကတော့ တော်လှန်ရေးတပ်ဖွဲ့ငယ်တွေကိုလည်း မဟာမိတ်အဖြစ် တလေးတစား ဆက်ဆံပြီး စီမံချက်တွေကို အတူတကွ လက်တွဲဖော်ဆောင်မယ်ဆိုရင် ကောင်းမွန်တဲ့ တပ်ပေါင်းစုဖြစ်လာမယ်လို့ ထောက်ပြကြပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က တပ်ပေါင်းစုဟာ ဗဟိုကနေ ထောက်ပံ့လမ်းညွှန်မှုတွေချည်း ပေးနေလို့ မရဘဲ မြေပြင်က လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးရမှာဖြစ်လို့ အချိုးကျကျ လုပ်ရမယ့် ပုံစံမျိုးလို့ ပြောပါတယ်။
“တပ်ပေါင်းစုဖြစ်လာပြီဆိုရင် ဗဟိုကနေ ကွပ်ကဲမှုရှိသလို ဗဟိုကနေလည်း ထောက်ပံ့မှုရှိရမယ်။ ဗဟိုကေ နလည်း လမ်းညွှန်မှုရှိရမယ်။ ဥပမာ ဗဟိုကနေပြီးတော့ ညွှန်ကြားချက်တွေချည်းပဲ ပေးနေလို့တော့ မရဘူး။ ညွှန်ကြားချက်တွေပဲ ပေးနေရင် အောက်က လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘဲနဲ့ အောက်ခြေတပ် တွေက လိုက်မလာနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ အဲဒီတော့ တိုက်တဲ့နေရာမှာ တပ်ပေါင်းစုလည်း ဖြစ်မယ်။ ပြီးရင် မြေပြင်တိုက်စစ်ဆင်တဲ့နေရာမှာ ဒါက ငါ့တပ် ဒါက ဘယ်သူ့တပ်၊ ဘယ်သူ့တပ်က တိုက် ပြီးရင် ဘယ်တပ်က ပြန်လာ မြို့ကို ထိန်း၊ အုပ်ချုပ်ရေးလုပ်ဆိုတဲ့ ပုံစံမျိုးတွေကိုလည်း အချိုးကျကျ လုပ်ရမယ့် ပုံစံမျိုးပေါ့”လို့ ဆိုပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေး ကောက်ပွဲကနေ အနိုင်ရကိုယ်စားလှယ်တွေကို လာမယ့် ရက်ပိုင်းမှာ လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူတော့မှာပါ။
အဲဒီကနေ ဧပြီလဆန်းမှာ ပြည်သူလူထုကနေ ဆန္ဒမဲပေးပြီး ရွေးချယ်ထားတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အစိုးရသစ်နဲ့ လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာတော့မယ့် အခြေအနေမှာ တော်လှန်ရေးအင်အားစုတွေဘက်က တပ်ပေါင်းစုဖွဲ့ဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ တပ်ပေါင်းစုမဖွဲ့နိုင်သေးတာကြောင့် ဗျူဟာမြောက်တဲ့ ထိုးစစ်တွေ မဆင်နွှဲနိုင်သေးလို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ နယ်မြေတွေကိုလည်း စစ်တပ်က စစ်ရေးအရ တိုက်စစ်ဆင်ပြီး တစ်ခုပြီးတစ်ခု ပြန်လည်ထိန်းချုပ်လာနေတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း မန္တလေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ ထိန်းချုပ်နယ်မြေထဲက တစ်ခုတည်းသာကျန်ရှိတဲ့ တကောင်းမြို့ကို မတ် ၁၀ ရက်နေ့မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေကနေ ဖော်ပြပါတယ်။
အရပ်သားတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေမှာလည်း အစုလိုက်အ ပြုံလိုက် ထိခိုက်သေဆုံးတာတွေ မြင့်တက်လာနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အခြေအနေပါ။
မတ် ၇ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကျေးရွာသုံးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ အရပ်သား ၂၅ ဦး သေဆုံးခဲ့ရပါတယ်။
ဒီအခြေအနေမှာ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံး တပ်ပေါင်းစုဖွဲ့နိုင်ဖို့ အင်မတန် အရေးကြီးလာနေတဲ့အတွက် တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ တပ်ပေါင်းစု မဖွဲ့နိုင်ရင် ရန်သူကို လှဲဖြိုဖို့ မအောင်မြင်နိုင်ဘူးလို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI အဖွဲ့ရဲ့ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက အခုလို ပြောပါတယ်။
“တပ်ပေါင်းစု စုဖွဲ့မှုက အင်မတန်မှ အရေးကြီးတယ်။ ဒါကို မဖော်ဆောင်နိုင်ဘူးဆိုရင် နံပါတ် ၁ ကြီးမားတဲ့ ရန်သူကို လှဲဖြိုဖို့ ဆိုတဲ့ဟာက မအောင်မြင်တဲ့အပြင် ရန်သူရဲ့ တန်ပြန်စစ်နည်းဗျူဟာအောက်မှာ ကျွန်တော်တို့တွေ ပိုပြီးတော့ ကျပ်တည်းခက်ခဲတဲ့ စိန်ခေါ်မှုတွေ တနေ့တခြား ပိုပြီး ရင်ဆိုင်ကြုံတွေ့လာရနိုင်တယ်။ တပ်ဖွဲ့တွေအတွင်းမှာလည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုတွေမှာ အခက်အခဲ အဟန့်အတားတွေ ပိုပြီးတော့ ဖြစ်လာနိုင်တယ်။ မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေလည်း ပိုပြီးတော့ များပြားကြုံတွေ့လာနိုင်တယ်”လို့ ပြောပါတယ်။
ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ ကာကွယ်ရေးပိုင်းတွေမှာလည်း လူထုတွေ ထိခိုက်ဆုံးရှံးမှု မရှိအောင် ကြိုတင်စီမံလုပ်ဆောင်တဲ့အခါတွေမှာ အားနည်းချက် လိုအပ်ချက်တွေဟာ ပိုပြီးတော့ စိန်ခေါ်မှုအခက်အခဲတွေ ရှိလာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
၄၆ ဖွဲ့ကတော့ တော်လှန်ရေးအင်အားစုတွေဟာ “မဟာမိတ်ကို အားပြု၊ ကြားနေကို စည်းရုံး၊ ရန်သူကို တိုက်” ဆိုတဲ့ သဘောတရားကို လက်ကိုင်ထားကာ လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ရမှာ ဖြစ်ပေမယ့် လက်တွေ့အခြေအနေမှာ ဆန့်ကျင်ဘက်သာ ဖြစ်နေတယ်လို့ ထုတ်ပြန်ထားတာပါ။
အချင်းချင်းကြား စစ်ရေးတိုက်ပွဲတွေ၊ တဖက်အဖွဲ့အစည်းက သူတွေကို အကြောင်းပြချက် မရှိ ဖမ်းဆီးမှုတွေ၊ မိတ်ဖက်အင်အားစုအချင်းချင်း နိုင်ငံရေးအရ တန်းတူ မဆက်ဆံမှုတွေ တော်လှန်ရေးအဖွဲ့တွေကနေ လူထုအပေါ် လက်နက်အားကိုး နှိပ်စက်မှုတွေ ခပ်စိတ်စိတ် တွေ့လာရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တော်လှန်အင်အားစုအချင်းချင်းနဲ့ ပြည်သူလူထုအပေါ် လက်နက်အားကိုး စစ်ရေးအားကိုးပြီး ဖြေရှင်းတဲ့ လုပ်ရပ်တွေ အားလုံးကို ဆန့်ကျင်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်း အသိပေးထားတာ တွေ့ရပါတယ်။
ရန်ငါစည်းကို တိကျပြတ်သားစွာ သတ်မှတ်ပြီး ရန်သူကို တိုက်ချိန်မှာ မဟာမိတ်ချင်း ကျောချင်းကပ် ညှိနှိုင်းတိုင်ပင်ကာ စုပေါင်းခေါင်းဆောင်မှုနဲ့ မဟာမိတ်တွေကြား ပြဿနာကို အဖြေရှာသင့်တယ်လို့ အကြုံပြုထားတာပါ။
စစ်ရေးအကဲခတ်တွေကတော့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စစ်ရေးနိုင်ငံရေးစုဖွဲ့မှုဖြစ်တဲ့ တပ်ပေါင်းစု တည်ဆောက်နိုင်ဖို့ လိုအပ်နေပြီး အချိန်နှောင်းသွားရင်တော့ အားလုံး လိုလားတဲ့ ပန်းတိုင်ရောက်ဖို့ အလှမ်းဝေးနေဦးမယ်လို့ ထောက်ပြကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စုပေါင်းဦးဆောင်မှု အခင်းအကျင်းကို ပုံဖော်ဖို့ ဆွေးနွေးထားသလို နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA နဲ့လည်း စစ်ရေး၊ နိုင်ငံရေးကိစ္စတွေမှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

