စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲနေပေမယ့် အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် ပြောပြန်

နေပြည်တော်၊ မတ် ၆

စစ်ကော်မရှင်ရဲ့ ကန့်သတ်ချက်တွေကြောင့် စက်သုံးဆီ ဝယ်ယူရာမှာ အခက်အခဲများစွာ ရှိနေပေမယ့် စက်သုံးဆီ အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် လက်အောက်ခံ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

စက်သုံးဆီအသင်းက အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွေကြောင့် စက်သုံးဆီ တင်သွင်းရာမှာ ကြန့်ကြာမှုတွေ ရှိနေပေမယ့် ပြည်သူလူထုရဲ့ လိုအပ်ချက်အတွက် အရန်စက်သုံးဆီတွေကို လုံလောက်စွာ ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီတင် သင်္ဘောတွေ အဆက်မပြတ် ဝင်ရောက်နေတဲ့အတွက် မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လပ်မှု လုံးဝ မရှိနိုင်ဘူးလို့ အသိပေးကြေညာထားပါတယ်။

ပြည်သူတွေအနေနဲ့ စက်သုံးဆီနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှု မရှိကြဖို့နဲ့ ခြိုးခြံချွေတာ သုံးစွဲမှုမှာ ပါဝင်ကူညီကြဖို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက တိုက်တွန်းထားပါတယ်။

စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လပ်စရာ အကြောင်းမရှိကြောင်းနဲ့ ရက် ၄၀ စာ အရန်စက်သုံးဆီတွေ သိုလှောင်ထားတယ်လို့ မတ်လ ၄ ရက်နေ့ ညပိုင်းမှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ စက်သုံးဆီသုံးစွဲမှုအရ တစ်ရက်လျှင် ဓာတ်ဆီ ၁ ဒသမ ၅ သန်းဂါလံ၊ ဒီဇယ်ဆီ ၁ ဒသမ ၇ သန်း ဂါလံ၊ စုစုပေါင်းတစ်ရက်လျှင် ဆီဂါလံ ၃ ဒသမ ၂ သန်း ရှိပြီး လက်ရှိမှာတော့ ဓာတ်ဆီဂါလံသန်း ၆၀၊ ဒီဇယ်ဆီဂါလံ သန်း ၇၀ နီးပါး သိုလှောင်ထားတယ်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ပြည်သူတွေဟာ စစ်ကော်မရှင်ရဲ့ မော်တော်ယာဉ် မောင်းနှင်မှုအပါအဝင် စက်သုံးဆီ ရောင်းချမှု ကန့်သတ်ချက်တွေကြောင့် စက်သုံးဆီ ပြတ်လပ်မှာကို စိုးရိမ်တာကြောင့် အလုအယက် တန်းစီစောင့်ဆိုင်း ဝယ်ယူနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.