မော်လမြိုင်၊ မတ် ၄
အာဏာသိမ်း စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေး အမိန့်ကြေညာချက်ကြောင့် မွန်ပြည်နယ်တဝန်းမှာ စက်သုံးဆီတွေ အလုအယက် တန်းစီဝယ်ယူနေကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်က ပြောပါတယ်။
စစ်ကော်မရှင်ဟာ အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲကြောင့် ကိုယ်ပိုင်ယာဉ်အားလုံး တစ်ရက်ခြားသာ မောင်းနှင်ခွင့်ပြုမယ်ဆိုတဲ့ အမိန့်ကြေညာချက်ကို မတ်လ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

အဲဒီအမိန့်ကြောင့် ပြည်သူတွေဟာ စက်သုံးဆီ ဆိုးရွားစွာ ပြတ်လပ်လာမှာကို စိုးရိမ်တာကြောင့် စက်သုံးဆီ အရောင်းဆိုင်တွေမှာ အလုအယက် တန်းစီဝယ်ယူနေကြပါတယ်။

စက်သုံးဆီ အလုအယက် ဝယ်ယူမှုကြောင့် စက်သုံးဆီအရောင်းဆိုင်တချို့မှာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး ကျန်တဲ့ စက်သုံးဆီဆိုင်တွေကလည်း အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်က EV ယာဉ်တွေမှအပ ကိုယ်ပိုင်ယာဉ်အားလုံး တစ်ရက်ခြား မောင်းနှင်ရမယ့် သတ်မှတ်ချက်ဟာ မတ်လ ၇ ရက်နေ့မှာ စတင်အကြုံးဝင်မှာ ဖြစ်ပြီး သတ်မှတ်စည်းကမ်းချက် ဖောက်ဖျက်ရင် ဥပဒေနဲ့ အရေးယူခံရမယ်လို့ သတိပေးထားပါတယ်။

စစ်ကော်မရှင်ရဲ့ ကန့်သတ်ချက်ကြောင့် စုံနံပါတ်ပါတဲ့ ယာဉ်တွေဟာ စုံ ရက်တွေမှာ မောင်းနှင်ရမှာ ဖြစ်ပြီး မ နံပါတ်ပါတဲ့ ယာဉ်တွေဟာ မ ရက်တွေမှာ မောင်းနှင်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ အငှားယာဉ်တွေ၊ စက်သုံးဆီသယ်ယူပို့ဆောင်တဲ့ယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်၊နိဗ္ဗာန်ယာဉ်တွေနဲ့ စည်ပင်အမှိုက်သိမ်းယာဉ်တွေ နေ့စဉ်မောင်းနှင်နိုင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

