နေပြည်တော်၊ မတ် ၃
လက်ရှိ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောရေလမ်းကြောင်းတွေမှာ အတားအဆီးတွေ ဖြစ်ပေါ်နေတဲ့အတွက်စက်သုံးဆီအသုံးပြုမှုကို ခြိုးခြံချွေတာသုံးစွဲဖို့ လိုအပ်လာကြောင်း အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက မတ် ၃ ရက် ညပိုင်းမှာ ထုတ်ပြန်ချက်ပါတယ်။
အဲဒီ ကြေညာချက်အရ ၂၀၂၆ ခုနှစ် မတ် ၇ ရက်မှ စတင်ကာ ပုဂ္ဂလိကယာဉ်၊ လုပ်ငန်းသုံးယာဉ်နဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို သတ်မှတ်စည်းကမ်းတွေနဲ့အညီသာ မောင်းနှင်အသုံးပြုကြရမှာဖြစ်ပါတယ်။
အဲဒီ စည်းကမ်းချက်တွေအရအရ လစဉ် “စုံ” ရက်တွေမှာ စုံနံပါတ်ပါယာဉ်များကိုသာ မောင်းနှင်ခွင့်ပြုမှာဖြစ်ပြီး “မ” ရက်တွေမှာ မ နံပါတ်ပါယာဉ်တွေကိုသာ မောင်းနှင်ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါပေမယ့် EV မော်တော်ယာဉ်နဲ့ EV မော်တော်ဆိုင်ကယ်တွေအနေနဲ့ကတော့ နေ့စဉ်မောင်းနှင်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်၊ Taxi ယာဉ်၊ စက်သုံးဆီသယ်ယူပို့ဆောင်ရေးယာဉ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်၊ ကုန်စည်ပို့ဆောင်ရေးယာဉ်၊ လူနာတင်ယာဉ်နဲ့ စည်ပင်အမှိုက်သိမ်းယာဉ်တွေကိုတော့ နေ့စဉ် အသုံးပြုနိုင်ကြောင်း သိရပါတယ်။
အဲဒီလို မော်တော်ယာဉ်အသုံးပြုမှု စည်းကမ်းသတ်မှတ်ချက် အပြင် စက်သုံးဆီ ဝယ်ယူစုဆောင်းတာ ဒါမှမဟုတ် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း လုံးဝမပြုလုပ်ဖို့လည်း သတိပေးထားပါတယ်။
အဲဒီစည်းကမ်းသတ်မှတ်ချက်တွေဟာ နောက်ထပ် ထပ်မံထုတ်ပြန်ချက် မရှိမချင်း အတည်ဖြစ်မှာဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်သူတွေကို တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

