ရေး၊ ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ် ရေးမြို့နယ် ဒူးယား-အဘော်ကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် သုံးဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းက အဘော်ကျေးရွာအဝင်ရှိ စစ်ကော်မရှင်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း အဘော်ကျေးရွာ စစ်ဆေးရေးဂိတ်အနီး စစ်ဆေးရေးတွေ လုပ် ဆောင်နေတဲ့ စစ်ကော်မရှင်တပ်က ဒုတိယအကြိမ် သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ဘက်က ဒူးယား-အဘော်ကျေးရွာလမ်းပိုင်းမှာ လုံခြုံရေး အင်အားတိုးချထားပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရေးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်းအတွင်း ကျေးရွာတချို့ကို စစ်ကြောင်းထိုးတာနဲ့ စစ်ဆေးရေးဂိတ်အသစ်တွေ တိုးချဲ့ဖွင့်လှစ်တာတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.