မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၈
အာဏာသိမ်းမှုအတွင်း အွန်လိုင်းပေါ် ဆန့်ကျင်ဝေဖန်ရေးသားပြောဆိုမှုတွေကို စစ်တပ်က ဒစ်ဂျစ်တယ်ဖိနှိပ်မှု ယန္တရားနဲ့ ဖမ်းဆီးထောင်ချတာတွေ ရှိနေခဲ့တာကြောင့် လာမယ့် အစိုးရသစ်ပေါ် ပြည်သူအများစု မျှော်လင့်ချက် မဲ့နေကြပါတယ်။
ကုလသမဂ္ဂအပါအဝင် လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာအရ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်တဲ့ အာဏာသိမ်း စစ်တပ်က နိုင်ငံရေးတရားဝင်မှုရဖို့ ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ဧပြီမှာ အစိုးရတစ်ရပ် ဖွဲ့စည်းတော့မှာပါ။
ဒီအတွက် ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းတော့မှာမို့ စံနှုန်းအရ အခြေခံလွတ်လပ်ခွင့်တွေထဲက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့် အပါအဝင် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုတို့အပေါ် စောင့်ကြည့်ရမယ့် အခြေအနေပါ။
မွန်ပြည်နယ် ဒေသခံတစ်ဦးက ရွေးကောက်ပွဲကျင်းပပြီးချိန်မှာ အတော်များများက အင်တာနက် သုံးရတာ အရင်ကထက် အဆင်မပြေမှုတွေ ရှိလာတဲ့အတွက် နောက်တက်မယ့် အစိုးရလက်ထက်မှာလည်း မျှော်လင့်ချက် မရှိဘူးလို့ ပြောပါတယ်။
“ဒီရွေးကောက်ပွဲပြီးမှ အင်တာနက်တွေ သုံးဖို့ အဆင်မပြေလောက်ဘူး။ အတော်များများက VPN တွေလည်း ဘန်းခံရတယ်ဆိုတော့ တချို့လူတွေအတွက် အတော်လေး ဒုက္ခရောက်တယ်။ဝယ်သုံးတဲ့ဟာလည်း တချို့ VPN ဆို အဆင်မပြေဘူး။ နောက်တက်တဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲတဲ့။ ဒါ နောက်တက်တဲ့ အစိုးရလည်း အစပဲ ရှိဦးမှာ ဘာမှ မရှိဘူး၊ (စတ/စကစ/စကမတို့နဲ့) အတူတူပဲ။ လူတွေအတွက် မျှော်လင့်ချက်ဆိုတာ ဘာမရှိဘူးလေ။ အခုက လွှတ်တော်တောင် မခေါ်ရသေးဘူး၊ အစိုးရသစ်တောင် မဖွဲ့ရသေးဘူး ပိုဆိုးနေတယ်”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook ကို အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ စစ်ကော်မရှင်က ပိတ်ပင်ထားတဲ့အတွက် VPN လို့ခေါ်တဲ့ Virtual Private Network ဆိုတဲ့ Software ကနေ တဆင့်ခံပြီး အသုံးပြုနေကြရတာပါ။
အဲဒီကနေ နေ့စဉ် လုပ်ကိုင်ဆောင်ရွက်တဲ့ လူမှုစီးပွားတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြောင်းအရာတွေနဲ့ နိုင်ငံရေး၊စစ်ရေး၊လုံးခြုံရေးတွေမှာလည်း သတင်းအချက်အလက်တွေကို ရယူခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းယူချိန်ကစပြီး ပြည်သူတွေဟာ အင်တာနက်သုံးစွဲမှု ကန့်သတ်ခံရတာ၊ ဖုန်းလိုင်းကန့်သတ်ခံရတာနဲ့ လူမှုမီဒီယာတွေအထိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ကန့်သတ်ခံထားရတာ ဒီကနေ့အထိပါ။
ဒါ့အပြင် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးမှာလည်း နိုင်ငံသားတွေကို အကာအကွယ်ပေးထားတဲ့ နိုင်လွတ်လုံဥပဒေပါ ပုဒ်မတချို့ကို ပယ်ဖျက်ထားသလို လွတ်လပ်စွာ သွားလာခွင့်နဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်တွေမှာလည်း ချိုးဖောက်ခံနေရပါတယ်။
ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ စစ်ကော်မရှင် ဦးဆောင်တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမတိုင်ခင် အကြိုကာလနဲ့ ပြင်ဆင်တဲ့ ကာလအပါအဝင် ရွေးကောက်ပွဲကာလတွေအတွင်း တင်းကျပ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ခြင်း မရှိခဲ့ပါဘူး။
ကရင်ပြည်နယ်က ဒေသခံတစ်ဦးကလည်း လက်ရှိ သုံးစွဲနေတဲ့ အင်တာနက်လိုင်းတွေဟာ စီးပွားရေးမှာ ထိခိုက်မှုတွေ ရှိနေတဲ့အတွက် လာမယ့် အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။
“အခုလက်ရှိ ကျွန်တော်တို့ ပြည်သူတွေ သုံးနေတဲ့ အင်တာနက်လိုင်းဆိုရင် စီးပွားရေးသမားလည်း ထိခိုက်မှုများတယ်။ နောက်ပြီးတော့ လူငယ်တွေအတွက် လိုင်းသုံးစွဲမှုမှာလည်း ထိခိုက်မှုများတာပေါ့။ စီးပွားရေးနဲ့ တွက်ရင်လည်း စီးပွားရေးက အများကြီး နောက်ကျသွားတယ်။ နောက်ပြီးတော့ လာမယ့် အစိုးရသစ်အနေနဲ့ဆိုရင် (ပြည်သူဘက် ရပ်တည်မှု ရှိ မရှိ) ပြည်သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့မှာ စောင့်ကြည့်ရတာပေါ့”လို့ ဆိုပါတယ်။
မြန်မာအင်တာနက်ပရောဂျက်ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေ အခုနှစ် ဇန်နဝါရီအတွင်း စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုနဲ့အတူ အွန်လိုင်းပေါ်က ပြောဆိုရေးသားမှုတွေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ဖမ်းဆီးပြီး အရေးယူခဲ့တာပါ။
ဒါ့အပြင် မိုးဘိုင်းဖုန်းနဲ့ အင်တာနက်ဖြတ်တောက်မှုတွေ အပါအဝင် အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာတွေ တိုးမြှင့်အသုံးပြုသလို စစ်ဆေးရေးဂိတ်တွေမှာလည်း PSMS စနစ်ကို သုံးပြီး တိုက်ဆိုင်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီအတွက် သုံးလအတွင်းမှာတင် အွန်လိုင်းကနေ ပြောဆိုရေးသားမှုတွေကြောင့် လူ ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးခံရသူ ၂၉ ဦးအထိ ပါဝင်တယ်လို့ အစီရင်ခံစာပါ အချက်အလက်တွေက ဖော်ပြပါတယ်။
သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်မှာလည်း ဖိနှိပ်မှုတွေ ဆက်ရှိနေသလို သတင်းထောက်တွေကို ပြင်းထန်တဲ့ ထောင်ဒဏ်တွေ ချမှတ်တာနဲ့ ဥပဒေကြောင်းအရ ခြိမ်းခြောက်မှုတွေ ဆက်လက်တည်ရှိနေတယ်လို့ မြန်မာအင်တာနက်ပရောဂျက်က ထောက်ပြပါတယ်။
တစ်ဘက်မှာ အင်တာနက်ပေါ်က သတင်းတွေကို တန်ပြန်ဖို့နဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူနိုင်ဖို့ စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အင်တာနက်အသုံးပြုမှု ၂၄ နာရီစောင့်ကြည့်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားတာပါ။
ကော်မတီအနေနဲ့ အင်တာနက်ပေါ်က သတင်းတု သတင်းမှား ဖော်ပြနေမှုတွေအတွက် အဖွဲ့ဖွဲ့ပြီး တန်ပြန်ဖို့ အပါအဝင် ကျူးလွန်သူတွေ အသုံးပြုတဲ့ ဖုန်းနံပါတ်တွေ ပိတ်သိမ်းတာ ဘဏ်အကောင့်အချက်အလက်တွေ ငွေသွင်းငွေထုတ် မှတ်တမ်းတွေ ရယူတာနဲ့ ဘဏ်အကောင့်တွေကို ယာယီတားဆီးဖို့ ဖြစ်ပါတယ်။
ဒီအတွက် ပြည်ထဲရေးနဲ့ စစ်တပ်၊ ရဲ ထောက်လှမ်းရေးအဖွဲ့တွေ အပါအဝင် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး၊ ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ညှိနှိုင်းလုပ်ဆောင်သွားဖို့ လုပ်ငန်းတာဝန်အဖြစ် ထည့်သွင်းထားတာပါ။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဒီလိုမျိုး ယန္တရားတွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံမှာ အသွင်ပြောင်း စစ်အစိုးရပေါ်လာလို့ အခြေခံလွတ်လပ်ခွင့်တွေ နေ့ချင်းညချင်း ပြန်ကောင်းသွားမယ်လို့ မမြင်မိကြောင်း အခုလို ပြောပါတယ်။
“လောလောဆယ်လည်း မြန်မာပြည်က ကမ္ဘာပေါ်မှာ Digital Rights နဲ့ ပတ်သက်ရင် အဆိုးဆုံးပဲလေ။မြန်မာပြည်မှာ Privacy ဆိုတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့် လုံးဝ မရှိတော့ဘူး။ လူတိုင်းကို အချိန်တိုင်းမှာ ဆက်စောင့်ကြည့်မယ်။ အထူးသဖြင့် နောက်ပိုင်းမှာတော့ တရုတ်ကရတဲ့ နည်းပညာအသစ်တွေနဲ့ စောင့်ကြည့်မယ်။ ပြီးတော့မှ အကုန်လုံးကို စစ်တပ်ရဲ့ အမှန်တရားနဲ့ ဆန့်ကျင်တဲ့ သူတွေကို ဖိနှိပ်မယ် ထောက်လှမ်းမယ် ဖမ်းဆီးမယ်ဆိုတဲ့ ယန္တရားကြီးကတော့ ဆက်လက်ကျန်နေပါလိမ့်မယ်”လို့ ဆိုပါတယ်။
ဒါကြောင့် အသွင်ပြောင်းစစ်အစိုးရအောက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေဟာ အွန်လိုင်းရော မြေပြင်မှာပါ အခြေအနေကောင်းလာမှာ မဟုတ်တဲ့အတွက် အင်တာနက်အသုံးပြုသူ တစ်ဦးချင်းစီက သတိထားကိုင်တွယ်သင့်တယ်လို့ သူက အကြံပြုပါတယ်။
စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာလည်း သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ အင်တာနက်လုံခြုံရေးနဲ့ ပုဂ္ဂလိက ကိုယ်ရေးအချက်အလက် ကာကွယ်ရေးတို့အတွက် လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာပါ။
ဒါဟာ ရွေးကောက်ပွဲအနိုင်ရ ပါတီအနေနဲ့ အစိုးရဖွဲ့စည်းပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းစားသုံးခွင့်တွေ အပါအဝင် နည်းပညာဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ရေရှည် ထိန်းချုပ်မယ့် အစီအစဉ်လို့ လေ့လာသူတွေက ဝေဖန်ကြပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာအထိ လူမှုကွန်ရက်မီဒီယာပေါ် စစ်တပ်ကို ဆန့်ကျင်ပြောဆိုမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၉၉၀ ကျော် ရှိတယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

