ကျောက်ကြီး၊ ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား ကိုးဦး လက်နက်ချ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
စစ်မှုထမ်းတပ်သား ကိုးဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က KNU တပ်မဟာ (၃) လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း (၃) ထံ လက်နက်ချ အလင်းဝင်လာတာ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားတွေဟာ တပ်သား ကျော်ဇေယျ၊ တပ်သား သက်ပိုင်စိုး၊ တပ်သား စောကာဘီ၊ တပ်သား မင်းထက်၊ တပ်သား အောင်စိုးဝင်း၊ တပ်သား ကိုမျိုး၊ တပ်သား ဝင်းမြထူး၊ တပ်သား အာကာကျော်ဝင်းနဲ့တပ်သား အောင်မင်းစိုးတို့ ဖြစ်ပါတယ်။
သူတို့ ကိုးဦးဟာ စစ်ကော်မရှင်ရဲ့ အမှတ် ၄၃၉ ခြေလျင်တပ်ရင်း၊ အမှတ် ၅၉၈ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၃၅၁ ခြေလျင်တပ်ရင်းက စစ်မှုထမ်း တပ်သားတွေ ဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ တပ်သားတွေဟာ သူတို့ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံ ရသူတွေ ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်အတွင်းက အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ကြဖို့ KNU ဗဟိုက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

