ကျိုက်ထို၊ဖေဖော်ဝါရီ ၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်က အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာလည်း စစ်ကော်မရှင်ဘက်က နောက်ထပ် အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး စစ်ကြောင်းထပ်ထိုးလာတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဝင်းကံကျေးရွာအနီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးပါဘူး။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်း သုံးကြောင်းဟာ ကျောက်ရေတွင်း၊ ခရွဲ၊ ပိန္နဲကုန်း၊ ဝင်းကကျေးရွာအနီးမှာ တပ်ဖြန့်ထားတာကြောင့် နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ငှက်ပျောတော ကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနဲ့ဝင်းကံကျေးရွာအုပ်စုရှိ ရွာပေါင်း ၁၉ ရွာက ဒေသခံ ၁၂၀၀၀ ကျော် စစ်ရှောင်နေရတာပါ။

စစ်ရှောင်ပြည်သူတွေဟာ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးစောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အသိပေး ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.