သထုံ၊ ဖေဖော်ဝါရီ ၁၂

မွန်ပြည်နယ် သထုံမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ တစ်ညတည်း လူငယ် ၃၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ပဲခူးစုရပ်ကွက်နဲ့ နောင်ဘိုကျေးရွာတို့မှာ ဒေသခံ လူငယ်တွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အသက် ၂၀ ကနေ ၃၅ နှစ်ကြား အမျိုးသားတွေ ဖြစ်ပြီး သူတို့ကိုတော့ သထုံအခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းတပ်ထံ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တချို့ကို နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်လာဖို့ မိသားစုဝင်တွေဘက်က အမှတ် ၉ လေ့ကျင်းရေးတပ်ထံ သွားရောက်စုံစမ်းကြပေမယ့် တွေ့ခွင့်မရသလို ထိန်းသိမ်းထားတာလည်း မရှိဘူးဆိုပြီး ဂိတ်တာဝန်ကျသူတွေက ပြန်လည်ပြောဆိုတယ်လို့ ဆိုပါတယ်။

သထုံမြို့နယ်မှာ စစ်ကော်မရှင်တပ်က စစ်မှုထမ်း ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် လူငယ်တွေအနေနဲ့ ညပိုင်း အပြင်ထွက်သွားလာတာတွေ မလုပ်ကြဖို့ ဒေသခံပြည်သူတွေ အချင်းချင်း တိုက်တွန်းသတိပေးတာတွေ ရှိနေပါတယ်။

မွန်ပြည်နယ်မှာ စစ်ကော်မရှင်ဟာ လာမယ့် ရက်ပိုင်းအတွင်း ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၂ ဖွင့်လှစ်နိုင်ဖို့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေကို နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.