ဘားအံ၊ ဖေဖော်ဝါရီ ၁၂

ကရင်အမျိုးသားတွေရဲ့ လိုလားတောင့်တချက်တွေ ပြည့်မီဖို့အတွက် ကရင်အမျိုးသားတွေအပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ကရင်နိုင်ငံရေးပါတီတွေနဲ့ ကရင်အဖွဲ့အစည်းအားလုံး စည်းလုံးညီညွတ်စွာနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ KNU ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၇၈ ကြိမ်မြောက် ကရင်အမျိုးသားနေ့မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အခုချိန်မှာ မိမိတို့ကရင်အမျိုးသားတွေဟာ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် အခွင့်အရေးတွေရှိနေပြီး နိုင်ငံရေးကြိုးပမ်းမှုတွေကို မိမိကျရာကဏ္ဍအလိုက် အသီးသီးပါဝင်လုပ်ဆောင်ရမှာဖြစ်ကာ မိမိတို့အမျိုးသားတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်ဖို့ နည်းလမ်းများစွာ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိမိတို့လုပ်ဆောင်တဲ့ လုပ်ငန်းတိုင်းဟာ မိမိအမျိုးသားရည်မှန်းချက်ပြည့်ဝစေဖို့အတွက် ရှေးရှုပြီး ကရင်အမျိုးသားအတွက် ရပ်တည်ကာ လုပ်ဆောင်ရမှာဖြစ်သလို ကရင်အမျိုးသားအလံတော်အောက်မှာ အတူတကွလက်တွဲကာ စည်းလုံးညီညွတ်စွာ ကြိုးပမ်းလုပ်ဆောင်ရမှာဖြစ်တယ်လို့ KNU ဥက္ကဌက တိုက်တွန်းထားပါတယ်။

ကရင်လူမျိုးတွေအပါအဝင် တိုင်းရင်းသားအားလုံး ရေရှည်တည်တံ့ရေး ဖွံဖြိုးတိုးတက်နိုင်ရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလူမျိုးတွေအားလုံး အတူတကွ လက်တွဲပြီး အာဏာရှင်စနစ်ရဲ့ ထောင့်တိုင်အားလုံးကို ဖြိုချဖျက်စီးရမှာဖြစ်တယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ ဦးဆောင်မှုအောက်မှာ ကရင်တစ်မျိုးသားလုံးရဲ့ လိုလားတောင့်တချက်တွေရရှိဖို့အတွက် ကရင်အမျိုးသားတွေဟာ အသက် ခန္ဓာ သွေးချွေးနဲ့ အိုးအိမ်စည်းစိမ်တို့ကို အများအပြားစွန့်လွှတ်ပေးဆပ်ခဲ့ရပြီး အခုချိန်ထိ မိမိတို့အမျိုးသားတို့ရဲ့ လိုလားတောင့်တချက်တွေကို တရားဝင်မရရှိသေးဘူးလို့ ပဒိုစောကွယ်ထူးဝင်းက ဆိုထားပါတယ်။

ကရင်လူမျိုးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တောင့်တင်းခိုင်မာစွာရပ်တည်နိုင်ရေးတို့ကို နှောင့်ယှက်ဖျက်ဆီးတဲ့စနစ်ဟာ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်တို့ဖြစ်ပြီး မိမိတို့ကရင်လူမျိုး တိုးတက်ကြီးပွားစေဖို့အတွက် ဒီနိုင်ငံထဲမှာ လွတ်လပ်မှု တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့အခွင့်အရေးတို့ ရှိရမယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောလိုက်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.