မက်ဒရစ်၊ ဇန်နဝါရီ ၂၈

လူပေါင်း ၅ သိန်းလောက် အကျိုးခံစားရနိုင်တဲ့ အစီအစဉ်အဖြစ် စပိန်အစိုးရက အထောက်အထား မရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တရားဝင် နေထိုင်ခွင့်ပြုမယ့် အစီအစဉ် တစ်ရပ်ကို ကြေညာလိုက်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် စပိန်နိုင်ငံမှာ အနည်းဆုံး ၅ လ နေထိုင်ခဲ့ကြောင်း သက်သေ ပြနိုင်သူတွေနဲ့ ရာဇဝတ်မှု ကျူးလွန်ဖူးကြောင်း မှတ်တမ်း မရှိတဲ့ နိုင်ငံခြားသားတွေကို စပိန်အစိုးရက တရားဝင် နေထိုင်ခွင့် ပြုသွားမှာ ဖြစ်ပါတယ်။

ဒါက ကျွန်တော်တို့ နိုင်ငံအတွက် သမိုင်းဝင် နေ့ တစ်နေ့ ဖြစ်ပါတယ်လို့ စပိန် ပေါင်းစည်း ပါဝင်ရေး၊ လူမှု ဖူလုံရေးနဲ့ လူဝင်မှုဆိုင်ရာဝန်ကြီး အယ်လ်မာ ဆိုင်းဇ်က ပြောပါတယ်။

အဲဒီ အစီအစဉ်အရ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေအနေနဲ့ တစ်နှစ်တာ တရားဝင် နေထိုင်ခွင့် ရရှိမှာ ဖြစ်ပြီး သက်တမ်းတိုးလို့ ရနိုင်တယ်လို့ သိရပါတယ်။

တရားဝင် နေထိုင်ခွင့်အတွက် လျှောက်ထားမှုတွေကို ဧပြီလမှာ စတင် လက်ခံသွားမှာ ဖြစ်ပြီး ဇွန်လ ကုန်အထိ စိစစ် ဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး၊ ပေါင်းစည်းနေထိုင်ရေး၊ အတူယှဉ်တွဲနေထိုင်ရေးအပေါ် အခြေခံတဲ့ လူဝင်မှုဆိုင်ရာ ပုံစံကို မိမိတို့ အားဖြည့်ပေးသွားမှာ ဖြစ်ပြီး စီးပွားရေး ဖွဲ့ဖြိုးမှု၊ လူမှုရေး သဟဇာတ ရှိမှုတို့နဲ့ အညီ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး အယ်လ်မာ ဆိုင်းဇ်က ဆိုတာပါ။

မကြာသေးခင်နှစ်တွေက စပိန်သို့ ရွှေ့ပြောင်းနေထိုင်သူ အများအပြား ဝင်ရောက်လာခဲ့ပြီး အများဆုံးကတော့ လက်တင်အမေရိကန်က ဖြစ်ပါတယ်။

စပိန်နိုင်ငံသို့ အထောက်အထား မရှိဘဲ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ ၂၀၁၇ ခုနှစ်မှာ ၁၀၇၄၀၉ ဦး ရှိခဲ့ပြီး ၂၀၂၅ ခူနှစ်မှာ ၈၃၇၉၃၈ ဦး အထိ ရှိလာကြောင်း ကွန်ဆာဗေးတစ် တတ်သိပညာရှင်များ အဖွဲ့ Funcas က ပြောပါတယ်။

စပိန်နိုင်ငံသို့ ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် ၈ ဆ ပိုများလာကြောင်း အဲဒီ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

အထောက်အထား စာရွက်စာတမ်း မရှိဘဲ စပိန်သို့ ရောက်ရှိလာပြီး လက်ရှိ နေထိုင်နေတဲ့ ရွှေ့ပြောင်း နေထိုင်သူ အများစုဟာ ကိုလမ်ဘီယာ၊ ပီရူးနဲ့ ဟွန်ဒူးရပ်စ်တို့က ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

စပိန်ရဲ့ ဆိုရှယ်လစ် ဦးဆောင်တဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့ဟာ တခြားပိုကြီးမားတဲ့ ဥရောပနိုင်ငံတွေထက် ရွှေ့ပြောင်း နေထိုင်သူတွေကို ပိုမို လက်ခံနေပြီး စီးပွားရေးအတွက် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်။

စပိန်ဟာ အီးယူမှာ အရေးပါတဲ့ တခြား စီးပွားရေးနိုင်ငံတွေထက် လတ်တလော နှစ်တွေမှာ စွမ်းဆောင်ရည်ပိုင်း အားကောင်းနေပြီး ၂၀၂၅ ခုနှစ်မှာ စီးပွားရေး ဖွံ့ဖြိုးမှု ၃ ရာခိုင်နှုန်း နီးပါး ရှိခဲ့ပါတယ်။

စပိန် စီးပွားရေးရဲ့ ကာလကြာရှည် ပြဿနာ တစ်ခု ဖြစ်တဲ့ အလုပ်လက်မဲ့ ဖြစ်မှုဟာ ၂၀၀၈ နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ ၁၀ ရာခိုင်နှုန်းအောက်သို့ လျော့ကျသွားကြောင်း ဇန်ဝါရီ ၂၇ ရက် ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေဟာ စပိန်နိုင်ငံအတွက် ချမ်းသာကြွယ်ဝမှု၊ ဖွံ့ဖြိုးမှုနဲ့ သာယာဝပြောမှုတို့ကို ကိုယ်စားပြုတယ်လို့ ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ပြောထားပါတယ်။

အစိုးရအဖွဲ့နဲ့ လက်ဝဲယိမ်း ပါတီတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို လူသားဆန်ဆန် ဆက်ဆံဖို့ လိုအပ်ကြောင်း ပြောဆိုထားပါတယ်။

အခွင့်အရေးတွေ စီမံပေးတာက လူမျိုးရေး ခွဲခြားမှုအတွက် အဖြေ ဖြစ်တယ်လို့ လက်ဝဲစွန်း ပိုဒီမို့စ် ပါတီက ဝန်ကြီးဟောင်း အီရီနီ မွန်ထရီယိုက ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ ၇ သိန်းလောက်ကို တရားဝင် နေထိုင်ခွင့် ပြုမယ့် အစီအစဉ်ဟာ လွှတ်တော်မှာ ကြန့်ကြာနေခဲ့ပေမယ့် ဘုရင့်နန်းတော်က ခွင့်ပြုပေးသွားမှာ ဖြစ်တဲ့အတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းစရာလိုတော့မှာ မဟုတ်ကြောင်း သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.