နယူးယောက်၊ ဇန်နဝါရီ ၂၈

အမေရိကန် ဒေါ်လာဈေး အလွန်အမင်း ကျဆင်းနေပြီလို့ ထင်သလားဆိုတဲ့ မေးခွန်းကို သမ္မတ ဒေါ်နယ် ထရန့်က ဒေါ်လာ တန်ဖိုးကြီးကျယ်နေဆဲ ဖြစ်ကြောင်း ပြောထားပေမယ့် ဇန်နဝါရီ ၂၇ ရက်မှာ အမေရိကန် ဒေါ်လာဈေးဟာ လေးနှစ်အတွင်း အနိမ့်ဆုံး အဆင့်သို့ လျော့ကျခဲ့တာ တွေ့ရပါတယ်။

နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အရေးပါတဲ့ ပြည်နယ် တစ်ခု ဖြစ်တဲ့ အိုင်အိုဝါမှာ စီးပွားရေး ဗဟိုပြု ပြောကြားမယ့် မိန့်ခွန်းမတိုင်ခင် ထရန့်က အမေရိကန် ဒေါ်လာဈေး ကောင်းနေဆဲ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထရန့်က အဲဒီလို ပြောကြားပြီးနောက်မှာ ဒေါ်လာဈေး ထပ်မံ လျော့ကျခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်း အနိမ့်ဆုံး ဈေးသို့ လျော့ကျသွားခဲ့တာပါ။

တရုတ်နဲ့ ဂျပန်ကို ကြည့်မယ်ဆိုရင် ကျွန်တော်ဟာ သူတို့နဲ့ ငရဲလို တိုက်ခိုက်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အမြဲတမ်း တန်ဖိုး လျော့ကျစေချင်နေတာကြောင့်ဖြစ်ပြီး နောက်ထပ် အမေရိကန် ဒေါ်လာ တန်ဖိုး လျော့ကျတာကို မမြင်တွေ့ချင်တော့ဘူးလို့ ထရန့်က ပြောပါတယ်။

အမေရိကန်နဲ့ ဂျပန် အာဏာပိုင်တွေ ကြားဝင်ပြီး ငွေဈေးကို ပူးပေါင်းထိန်းချုပ်ပေးဖို့ ကုန်သည်တွေက မျှော်လင့်နေကြချိန်မှာ အမေရိကန် ဒေါ်လာ တန်ဖိုးဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ထရန့်ရဲ့ မှတ်ချက်တွေက အမေရိကန်ဟာ ဒေါ်လာဈေး အားနည်းတာကို ပိုသဘောကျကြောင်း ဈေးကွက်ကို အချက်ပြလိုက်တာ ဖြစ်တယ်လို့ Bannockburn Capital Markets ရဲ့ ဈေးကွက် မဟာဗျူဟာဆိုင်ရာ အကြီးအကဲ မက်စ် ချန်ဒလာက ပြောပါတယ်။

ဒေါ်လာဈေး လတ်တလော အားနည်းမှုဟာ အကြောင်းရင်း များစွာကြောင့် ဖြစ်ပြီး ထရန့် ချမှတ်တဲ့ မူဝါဒတွေ၊ အမေရိကန် ဗဟိုဘဏ်ရဲ့ အမှီအခိုကင်းမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ပါဝင်နေကြောင်း လေ့လာသူတွေက ပြောပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းရာမှာ ပစ်ခတ်မှု တချို့ ဖြစ်ပွားခဲ့ပြီးနောက် အမိမြေ လုံခြုံရေးဝန်ကြီးဌာနအတွက် ရန်ပုံငွေ ထောက်ပံ့ရေး ရီပက်ဘလေကန်တွေနဲ့ ဒီမိုကရက်တို့ကြား သဘောထား ကွဲလွဲနေမှုတို့ကြောင့်လည်း ဒေါ်လာဈေး အားနည်းနေရတာ ဖြစ်ပါတယ်။

ဒီလို ပါတီ နှစ်ရပ်ကြား သဘောထား ကွဲလွဲမှုကြောင့် နောက်ထပ်တစ်ကြိမ် အစိုးရ ဌာနတွေ ပိတ်သိမ်းမှုဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

တောင်ကိုရီးယားလွှတ်တော်က အမေရိကန်နဲ့ တောင်ကိုရီးယား ကုန်သွယ်ရေး သဘောတူညီမှုကို သဘောမကျ ဖြစ်နေတယ်လို့ ထရန့်က စွပ်စွဲထားပါတယ်။

အာရှတိုက်ရဲ့ စတုတ္ထ အကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ တောင်ကိုရီးယားရဲ့ ပို့ကုန် တချို့ အပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံမှာ ဖြစ်ကြောင်း ထရန့်က ဇန်နဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

ကနေဒါအနေနဲ့ တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီမှု ရယူမယ်ဆိုရင် ကနေဒါအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်းလည်း ထရန့်က ခြိမ်းခြောက်ထားပါတယ်။

ဇန်ဝါရီ ၂၇ ရက်က အမေရိကန် ဒေါ်လာနဲ့ တောင်ကိုရီးယား ငွေ လဲလှယ်နှုန်း ၁ ရာခိုင်နှုန်း မြင့်တက်လာတာ တွေ့ရပြီး မလေးရှား ရင်းဂစ်နဲ့ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းလည်း တန်ဖိုး ပိုများလာတာ တွေ့ရပါတယ်။

နိုင်ငံခြားငွေကြေးတွေနဲ့ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းထားဟာ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ နောက်ပိုင်း အနိမ့်ဆုံးအဖြစ် ၁ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ယူရိုငွေ တန်ဖိုးလည်း ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာတာ တွေ့ရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.