ရီးယာ့ဒ်၊ ဇန်နဝါရီ ၂၈

အီရန်ကို စစ်ရေးအရ အရေးယူမှုတွေအတွက် မိမိတို့ လေပိုင်နက် ဒါမှမဟုတ် နယ်မြေကို အသုံးချခွင့် ပေးမှာ မဟုတ်ကြောင်း ဆော်ဒီ တော်ဝင် မင်းသားမိုဟာမက် ဘင် ဆော်လ်မန်က အီရန် သမ္မတ မာဆောက် ပီဇက်ခီယန်ကို ပြောလိုက်ပါတယ်။

ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်မှု အားကောင်းလာစေရေး ဆွေးနွေးမှုတွေကနေတဆင့် သဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းရေး ကြိုးပမ်းမှု မှန်သမျှအပေါ် ဆော်ဒီအာရေးဗီးယားက ထောက်ခံမှာ ဖြစ်ကြောင်း တော်ဝင်မင်းသားက အီရန်သမ္မတနဲ့ ဖုန်းခေါ်ဆိုမှုအတွင်း ပြောကြားခဲ့တာပါ။

စစ်ပွဲ တားဆီးရေး နိုင်ငံတကာ ဥပဒေဘောင်အထဲက လုပ်ငန်းစဉ် မှန်သမျှကို တီဟီရန်က ကြိုဆိုကြောင်း သမ္မတ ပီဇက်ခီယန်က မင်းသား မိုဟာမက် ဘင်ဆာ်လ်မန်ကို ပြောကြားခဲ့တယ်လို့ အီရန် နိုင်ငံပိုင် သတင်းဌာနက စောစောပိုင်းက ဖော်ပြခဲ့ပါတယ်။

အီရန် သမ္မတနဲ့ တော်ဝင် မင်းသားတို့ ဖုန်းခေါ်ဆိုမှု အကြောင်းကို ဆော်ဒီအာရေးဗီးယား နိုင်ငံပိုင် SPA သတင်းဌာနက ဇန်နဝါရီ ၂၇ ရက်က ဖော်ပြခဲ့ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ကလည်း အီရန်ကို တိုက်ခိုက်ရင် သူတို့ရဲ့ လေပိုင်နက်ကို အသုံးချခွင့် ပေးမှာ မဟုတ်ကြောင်း ကြေညာချက် ထုတ်ခဲ့ပြီးနောက် ဆော်ဒီအာရေးဗီးယားရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန် လေယာဉ်တင် သင်္ဘောနဲ့ ထောက်ပို့ သင်္ဘောတွေ အရှေ့အလယ်ပိုင်း ရေပြင်သို့ ရောက်ရှိနေပြီး အီရန်ကို တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်း ရှိနေပါတယ်။

အီရန်က မိမိတို့ တိုက်ခိုက်ခံရရင် ဒေသတွင်းရှိ အမေရိကန် ပစ်မှတ်တွေကို ရှိသမျှ အင်အားထုတ်သုံးပြီး ပြန်လည် တိုက်ခိုက်မယ်လို့ ကြွေးကြော်ထားပါတယ်။

အဲဒီမတိုင်ခင် အီရန်က အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကို လုပ်ကြံသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့ ပါတယ်။

ထရန့်က သူသာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် အီရန်နိုင်ငံ ကမ္ဘာပေါ်က ပျောက်ကွယ်သွားလိမ့်မယ်လို့ ပြန်လည် သတိပေးထားပါတယ်။

အီရန်မှာ ငွေဖောင်းပွမှုနဲ့ စီးပွားရေး ပြဿနာတွေကြောင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နှင်းမှုကြောင့် လူထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းသို့ အမေရိကန်က စစ်အင်အားတိုးမြှင့် ချထားလိုက်ပြီးနောက် အီရန်က အမေရိကန်နဲ့ သဘောတူညီမှု ရယူရေး အကြိမ်ကြိမ် ဆက်သွယ်လာတယ်လို့ ထရန့်က ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.