ချင်းမိုင်၊ ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးတာကြောင့် ကလေးငယ် မျိုးဆက် တစ်ဆက် ပျောက်ဆုံးသွားနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ် အာဏာမသိမ်းခင်က ကာကွယ်ဆေး ထိုးနှံမှုနှုန်း ၉၄ ရာခိုင်နှုန်း အထိ ရှိခဲ့ပေမယ့် အခုအခါ ၃၇ ရာခိုင်နှုန်းဆီ လျော့ကျသွားကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ဆိုးရွားပြီး ကူးစက်နိုင်မှု မြင့်မားတဲ့ ရောဂါတွေအတွက် ကာကွယ်ဆေး မထိုးရဘဲ ရှိနေတဲ့ ကလေးအရေအတွက် ပိုများလာနေတယ်လို့ ပြည်ပ အကူအညီပေးရေး အရာရှိ တစ်ဦးက ဆိုပါတယ်။
မြန်မာ စစ်ခေါင်းဆောင်တွေက အရေးကြီးတဲ့ ကာကွယ်ဆေးတွေ ထိုးနှံပေးဖို့ ငြင်းဆိုတာ ဒါမှမဟုတ် ထိုးနှံပေးဖို့ ပျက်ကွက်နေကြောင်း ကုလသမဂ္ဂက ပြောထားပါတယ်။
စစ်တပ် လက်အောက်က လွတ်မြောက်နေပြီဖြစ်တဲ့ ဒေသတွေမှာ နိုင်ငံခြား ဆေးဖက်ဆိုင်ရာ အရာရှိတွေက ကာကွယ်ဆေးထိုးနှံမှုတွေ ပြုလုပ်ပေးနေပေမယ့် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကိုပဲ ခြုံလွှမ်းမှု ရှိတယ်လို့ သိရပါတယ်။

လွတ်မြောက်နယ်မြေတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ Free Burma Rangers အဖွဲ့က မြန်မာ စစ်တပ်ဟာ ဆေးရုံတွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာနေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားတွေကို ကူညီပေးဖို့ ကြိုးစားရင်း အဖွဲ့ဝင် ၇၇ ဦး သေဆုံးခဲ့ရကြောင်းလည်း Free Burma Rangers အဖွဲ့ က ဆိုပါတယ်။
ကလေးငယ်တွေ စစ်ဘေးရှောင်နေကြရပြီး ကာကွယ်ဆေးထိုးနှံမှု၊ ကျန်းမာရေး စောင့်ရှောက်မှု အနည်းဆုံး ဒါမှမဟုတ် လုံးဝ မရှိတဲ့ အခြေအနေနဲ့ ကြုံနေရကြောင်း ယူနီဆက်ဖ်က ပြောပါတယ်။
မြန်မာနိုင်ငံက ကလေးငယ်တွေဟာ သန့်ရှင်းတဲ့ ရေ၊ လုံလောက်တဲ့ စားနပ်ရိက္ခာ မရှိသလို စာလည်း မသင်ရဘဲ ရှိနေတယ်လို့ ယူနီဆက်ဖ်က ဆိုတာပါ။
ပြင်းထန်ပြီး ကူးစက်လွယ်တဲ့ ရောဂါတွေအတွက် မြန်မာနိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံမှုဟာ အရင်က ၉၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်း ၃၇ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ပါတယ်။
၂၀၂၀ နဲ့ ၂၀၂၄ အတွင်း ကလေးငယ် ၁ ဒသမ ၂ သန်းလောက် ကာကွယ်ဆေးထိုးနှံခွင့်နဲ့ လွဲချော်ခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတဝှမ်း ကာကွယ်ဆေး လွှမ်းခြုံမှု နည်းပါးတာကြောင့် ရောဂါ ပျံ့နှံ့မှု ဒါမှမဟုတ် ကပ်ရောဂါ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်း ယူနီဆက်ဖ်က သတိပေးထားပါတယ်။
Ref:Nikkei Asia

