မော်လမြိုင်၊ ဇန်နဝါရီ ၂၈
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကြားနာပွဲတက်ရောက်နေတဲ့ စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ကို အမျိုးသားရေးသမားတွေက ကြိုဆိုထောက်ခံပွဲ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။
ဒီထောက်ခံပွဲကို မျိုးချစ်သမဂ္ဂအင်အားစုနဲ့မြန်မာနိုင်ငံ အမျိုးသားရေးအင်အားစု (မွန်ပြည်နယ်) အဖွဲ့က ဦးဆောင်ပြီး မနေ့ ဇန်နဝါရီ ၂၇ ရက်နေ့က မော်လမြိုင်မြို့မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားရေးသမား အင်အား ၃၀၀ လောက်ဟာ မော်လမြိုင်မြို့ ပြည်နယ်ခန်းမအရှေ့ကနေ မော်လမြိုင်မြို့ ကမ်းလမ်းနား ရေပေါ်ညဈေးဟောင်းနေရာအထိ ချီတက်ပြီး ICJ သွားတဲ့ စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြောင်း ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့တာပါ။
ဒီထောက်ခံပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ မဘသအဖွဲ့ဝင်တွေနဲ့ စစ်အုပ်စု ထောက်ခံသူ လက်ပါးစေတွေနဲ့ အမျိုးသားရေးသမားတွေ အများဆုံး တက်ရောက်ခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ ICJ တရားရုံးမှာ မြန်မာနိုင်ငံအတွက် ခုခံချေပလျှောက်လဲလျက်ရှိတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူအပေါင်းက ကြိုဆိုထောက်ခံခဲ့တယ်လို့ ဝါဒဖြန့်ထားပါတယ်။
ထောက်ခံသူတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန် အချက်အလက်တွေကို နိုင်ငံတကာသိအောင် မှန်ကန်စွာတင်ပြပေးနိုင်ခဲ့တဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ စစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံအားပေးကြောင်း ကြွေးကြော်ပြီး ချီတက်ဆန္ဒပြခဲ့တာပါ။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲထားတဲ့ အမှုကို နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ဇန်နဝါရီ ၂၉ ရက်နေ့အထိ ကြားနာပွဲ ပြုလုပ်နေတာပါ။
အဲဒီကြားနာပွဲကို မြန်မာနိုင်ငံကနေ စစ်အုပ်စုရဲ့ သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တက်ရောက်နေတာ ဖြစ်ပါတယ်။
ICJ သွားတဲ့ စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ ထောက်ခံပွဲကို ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ အမျိုးသားရေးသမားတွေနဲ့ စစ်အုပ်စုထောက်ခံသူတွေက ဇန်နဝါရီ ၂၇ ရက်နေ့မှာ တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

