တနင်္သာရီ၊ ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း အရပ်သားပြည်သူ ၁၆၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintahryi ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်အတွင်း စစ်ကော်မရှင်တပ် လက်ချက်ကြောင့် အရပ်သား ၁၀၃ ဦး၊ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြောင့် အရပ်သား ၂၆ ဦး၊ လက်သည်မပေါ်ဘဲ အသတ်ခံရသူ ၃၁ ဦး၊ စုစုပေါင်း အရပ်သား ၁၆၀ သတ်ဖြတ်ခံခဲ့ရတာပါ။
သေဆုံးသူအများစုဟာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် စစ်ကြောင်းထိုးချိန် ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် အများဆုံးဖြစ်တယ်လို့ FE5 Thanintharyi ရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အထူးသဖြင့် စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုတင်ပြင်ဆင်တဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အရပ်သားပြည်သူတွေအပေါ် လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ အများဆုံး ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
FE5 Thanintahryi ရဲ့ အချက်အလက်တွေအရ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဒလန်ရှင်းလင်းခေါင်းစဉ်နဲ့ သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း စစ်ကော်မရှင်တပ်နဲ့ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူ ၇၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

